စစ်အာဏာရှင်သည် ၎င်းတို့၏အကြမ်းဖက်မှုလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင် လုပ်ဆောင်လာခဲ့ရာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာနေသောကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခင်းအကျင်းသည် လျင်မြန်စွာ ဆိုးယုတ်ယိုယွင်း လာနေသည်။ ပြီးခဲ့သည့် လများအတွင်း မြန်မာစစ်တပ်၏ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များနှင့် မွေးကင်းစကလေးများပါ ထိခိုက်သေဆုံးကြရပြီး၊ အပြင်းအထန် ဒဏ်ရာရသူများစွာရှိခဲ့သည်။ စစ်အာဏာရှင်သည် လွတ်ငြိမ်းချမ်းသာခွင့် အပြည့်အဝဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ဆက်လက် ကျူးလွန်လျက်ရှိနေသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ်တွင် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ပေါင်တွင် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ ၎င်း၏မိဘများသည်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သည်။ မျက်မြင်သက်သေတို့၏ အဆိုအရ ယခုကဲ့သို့ အဖြစ်အပျက်များသည် နိုင်ငံအနှံ့ ဖြစ်ပွားနေသည်။ အရပ်သားများကိုခိုလှုံရာ ဒေသများကို လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ခြားသောကလေးငယ်တဦးလည်း သေဆုံးခဲ့သည်။

ကချင်ပြည်နယ်တွင် အပြစ်မဲ့ အရပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားများအား တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ တည်ထောင်ခြင်းနှစ်ပတ်လည်ပွဲ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများထဲတွင် ကလေးသူငယ်များအပါအ၀င် လူငယ်၊ ဂီတ ပညာရှင်များ၊ မိသားစုများပါ၀င်သည်။

 ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများနှင့် ဆေးကုသရန်အတွက် ပို့ဆောင်ရန် လိုအပ်သော်လည်း ကားဖြတ်သန်းခွင့်ကို အကြမ်းဖက်စစ်တပ်မှ ပိတ်ဆို့ထားသောကြောင့် အသက်ရှင်ကျန်ရစ်သူများထဲမှ အများစုမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြပြီး ဆေးကုသခွင့် မရရှိကြပေ။ ဤလေကြောင်းတိုက်ခိုက်မှုသည် မြန်မာ အကြမ်းဖက်စစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လူထုသပိတ်လှုပ်ရှားမှုကြီး  ချေမှုန်းခံခဲ့ရသည့် အချိန်ကတည်းမှ စတင်ပြီး အရွယ်မရောက်သေးသော ကလေးသူငယ်အယောက် ၂၀၀ နီးပါး ရက်စက်စွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအတွက် လက်လှမ်းမှီ ထောက်ပံ့ပေးနိုင်သော လမ်းကြောင်းများ မရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်တွင်းစစ်ပြေးဒုက္ခသည် (IDPs) ကလေးအရေအတွက်သည် သိန်းနှင့်ချီ မြင့်တက်လာခဲ့သည်။ မကြာသေးမီ ၂၀၂၂ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းတွင် ဖွင့်လှစ်ထားသောကျောင်းကိုလည်း စစ်တပ်မှ  လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခြင်းများနှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ကျောင်းသူ ကျောင်းသားကလေးငယ် အနည်းဆုံး ၁၁ယောက် အသက်သေဆုံးခဲ့ရ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။ ထိုကြောက်မက်ဖွယ်ရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးနောက် ကလေး သူငယ် ၁၂ယောက်နှင့်အထက်ဟာလည်း ပျောက်ဆုံးလျက်ရှိနေသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်မှ “ စစ်ကောင်စီ၏ ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများဟာ မျိုးဆက်ပျောက်သွားနိုင်သည်” ဟု သတိပေး ပြောဆိုသွားသည်။

သို့သော် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏တိုက်ခိုက်မှုများအား ရပ်တန့်သွားနိုင်ဖို့ရန် တစ်စုံတစ်ရာ အရိပ်အမြွက် ပြောဆိုထားခြင်းပင် မရှိသေးသလို၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ကျူးလွန်မှုများဖြင့် နိုင်ငံတကာ သဘောတူချုပ်ဆိုထားသော နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် ဥပဒေကို ဗြောင်ကျကျ ဆန့်ကျင်ချိုးဖောက် လျက်ရှိနေသည်။ တစ်ဖက်၌လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ပြစ်တင်ရှူတ်ချသည့် စကားများထက် ကျော်လွန်လုပ်ဆောင်နိုင်သည့် အရေးယူမှုတစ်စုံတစ်ရာမရှိခြင်းကြောင့် အကြမ်းဖက် တိုက်ခိုက်မှုများကို လွတ်လပ်စွာ ကျူးလွန်လျက်ရှိသည်။ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီမှ “လျင်မြန်စွာအရေးယူရန်” တိုက်တွန်းထားသော်လည်း အာဏာရှိသည့် စစ်အုပ်စုကို ဖိအားပေးရန် ပျက်ကွက်ခဲ့သည်။ 

အထူးစိုးရိမ်စရာမှာ Save the Children နှင့် United Nations Children’s Fund (UNICEF) တို့အပါအဝင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအဖွဲ့များသည် မြန်မာစစ်တပ်၏လုပ်ရပ်များအပေါ် မနှစ်မြို့သော သဘောထားများကို ထုတ်ပြန်ခဲ့သော်လည်း၊ မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ကလေးသူငယ် များ၏ ဘဝအသက်များကို ကာကွယ်ရန် လိုအပ်သည့်လုပ်ဆောင်ချက်များကို ထပ်မံမလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် အတိဒုက္ခအန္တရယ်များ၊ အထူးသဖြင့် လက်ရှိအခြေအနေမှာ စစ်အာဏာရှင်တို့၏ပဋိပက္ခများအတွင်း ပုံမှန်ပစ်မှတ်ထားခံနေရသည့် ကလေးသူငယ်များ၏ ဘဝအသက် များကို အလေးအနက် ဂရုပြုဖို့ရန် အထူးလိုအပ်ပါသည်။