စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် မိုင်းကြောင့် အထိနာနေသည့် စစ်ကောင်စီတပ်က ရွာများကို မီးရှို့နေသည်။ ဒေသခံတို့က သတင်းကြိုရလျှင် တိမ်းရှောင်ကြသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ အိမ်ခြေထောင်နှင့်ချီရှိသည့် အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်သားတို့ ဝင်ရောက်လာပြီး မီးရှို့ခြင်းကြောင့် အိမ်ခြေ ရာနှင့်ချီ မီးလောင်နေသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ရွာခံများက ပြောသည်။

လမ်းတွင် မိုင်းထိသည့် စစ်ကောင်စီတပ်သားတို့က အင်းလယ်ကြီးရွာကို အောက်တိုဘာ ၂၄ တွင် ဝင်ရောက်စဉ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကြသည်၊ စစ်သားများနှင့်အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ပြီး စုစုပေါင်း အင်အား ၁၂၀ ခန့် ရှိသည်ဟု သိရသည်။

ရွာထဲတွင် တပ်စွဲခဲ့ပြီးနောက် ယနေ့ (အောက်တိုဘာ ၂၅) ရက်တွင် ၄ နေရာခွဲကာ ရွာကို မီးရှို့နေသည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာကတော့ သုံးပုံနှစ်ပုံလောက် လောင်နေတယ်၊ တစ်ရွာလုံး ပြာကျဖို့ များတယ်၊ လေကလည်း တော်တော်တိုက်နေတော့” ဟု အဆိုပါ ရွာခံက ပြောသည်။

စစ်သားများဝင်ခြင်းကြောင့် ဒေသခံများ ရှောင်တိမ်းနေရပြီး ရှောင်တိမ်းချိန်မရလိုက်သည့် ဒေသခံအချို့ ဖမ်းဆီးခံထားရသည်ဟုလည်း သိရသည်။ သို့သော် မည်မျှဖမ်းဆီးခံခဲ့ရသည်ကို အတည်မပြုနိုင်သေးပါ။

အင်းလယ်ကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲထားခြင်းကြောင့် မီးလောင်သည့် အိမ်ခြေအရေအတွက် အတိအကျမသိရသော်လည်း အနည်းဆုံး ၅၀၀ ခန့် မီးလောင် ပျက်စီးနိုင်ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း(၃) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများ ရွာအတွင်း ဝင်ရောက်လာစဉ် ရွာသူရွာသားများ တိမ်းရှောင်သွားခဲ့ကြပြီးဖြစ်သည်၊ နေအိမ်များကို မီးရှို့ခြင်းမှာ အထိနာသည့် စစ်ကောင်စီတပ်၏ ဒေါသတကြီး လက်တုံ့ပြန်မှုတစ်ခုဖြစ်သည်ဟု ကန့်ဘလူခရိုင် တပ်ရင်း(၃) တာဝန်ရှိသူက ပြောသည်။

“မိုင်းတိုက်မိတာတွေ၊ မိုင်းဆွဲခံရတာတွေနဲ့ဆိုတော့ ပိုပြီးဒေါသထွက် လုပ်နေကြတာ ထင်တယ်” ဟု ပြောသည်။

အောက်တိုဘာ ၂၄ တွင် အင်းလယ်ကြီးရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် မိုင်းသုံးကြိမ်ပေါက်ကွဲခဲ့ပြီး သေဆုံးတပ်သားတို့၏ ရုပ်အလောင်းများကို ကန့်ဘလူမြို့ဘက်မှ ကားဖြင့် လာရောက် သယ်ဆောင်သွားသည်ဟု Kanbalu Underground Warriors အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရသက ပြောသည်။

“အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာကလည်း ၃ ယောက် သေတယ်၊ ကျွန်တော်တို့ဘက်ကတော့ ဒရုန်းတစ်စီး ဆုံးရှုံးသွားတယ်” ဟု ပြောသည်။ 

ထို့အပြင်ရွာအတွင်း ကျေးရွာကာကွယ်ရေးအဖွဲ့က တပ်ဆင်ထားသည့် ရှေ့ထွက်မိုင်း မိုင်းပေါက်ကွဲသံများကြားရပြီး စစ်သားများ ထိခိုက်နိုင်ခြေရှိကြောင်း ပြောသည်။

ကန့်ဘလူမြို့မှ ထွက်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၂၃ တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ ရွာသစ်ကုန်း၊ ဉာဏ်အင်းနှင့် ရွာမရွာတို့ကို မီးရှို့ခဲ့ကြသေးသည်ဟု ဒေသခံများက ဆိုသည်။

မီးရှို့ခံရသည့် အဆိုပါ ရွာများအပြင် သရက်တာ၊ ထိန်တော၊ ကိုင်းရိုး၊ ရှမ်းတပ်၊ကျေးပင်အက်၊ စသည့် ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ဝန်းကျင်မှာလည်း အိုးပစ်အိမ်ပစ်ထွက်ပြေး တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

တောတောင်ထဲတွင် တိမ်းရှောင်နေရသည့် အင်းလယ်ကြီးရွာသူ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက နောက်တစ်နေ့ ရွာအပြန်တွင် သူ့နေအိမ်မတွေ့ရတော့မည်ကို စိုးရိမ်နေကြောင်း ပြောသည်။

“မနက်က မိုးရွာတော့ ကံကောင်းပြီဆိုပြီး ပြောနေကြတာ၊ ခုမှ မိုးတိတ်ပြီး လေတအားကို တိုက်နေတာ၊ တစ်ရွာလုံးကို ပြာကျတော့မှာ” ဟု သူက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၅)  နေ့လယ်ပိုင်းတွင် ပြောသည်။

အာဏာသိမ်းကာလ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့မှုများကို လက်လှမ်းမီသမျှ စုစည်းဖော်ပြသည့် Data For Myanmar – D4M အဖွဲ့၏ စာရင်းများအရ စစ်ကိုင်းတိုင်းသည် နေအိမ်မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး ယခုနှစ် ဩဂုတ်လလယ်ပိုင်းအထိ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးတွင် နေအိမ်ပေါင်း ၂၈,၄၃၄ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းပြီးလျှင် မကွေးနှင့် ချင်းပြည်နယ်တို့မှာ အများဆုံးပျက်စီးကြောင်း အဆိုပါအဖွဲ့၏ စာရင်းများတွင် တွေ့ရသည်။

အဆိုပါ မီးရှို့မှုများမှာ ယင်းလက်အောက်ခံတပ်သားများ လက်ချက်မဟုတ်ကြောင်း စစ်ခေါင်းဆောင်က ငြင်းဆိုထားသည်။ 

Myanmar Now News