ရခိုင်ဒေသ ဘူးသီးတောင်မြို့တွင် လက်နက်တပ်ဆင်ထားသည့်ဒရုန်းက စာသင်ကျောင်းကို တိုက်ခိုက်ရာ ၃ ဦး ဒဏ်ရာရသွားသည်၊ စျေးတွင်ရှိနေသူ အများအပြားကိုလည်း စစ်တပ်က ဖမ်းသွားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၃) က ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရသည့်အပြင် စာသင်ကျောင်းတစ်ခုလည်း လက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် အင်အား ၃၀ ခန့်ရှိ စစ်သားများက ကား ၄ စီးဖြင့် ဘူးသီးတောင်ဈေးကို ရောက်လာကာ ကုန်တင်ကုန်ချအလုပ်သမား၊ ဈေးကောက်၊ သုံးဘီးသမား၊ လှေသမား စသည့် ဒေသခံများကို ဖမ်းဆီးသွားကြောင်း မြို့ခံတို့က ဆိုသည်။

“ဘာကြောင့် ဘယ်ကိုဖမ်းသွားတယ်ဆိုတာကိုလည်း မသိရဘူး။ နယ်ခြားစောင့်စခန်းကို ယူသွားလား၊ စစ်တပ်ကို ယူသွားလားဆိုတာကို မသိရဘူး။ ဖမ်းသွားတဲ့ လူအရေအတွက်ကိုလည်း အတိအကျ မသိရဘူး။ လူပေါင်း ၂၀ လောက် ပါမယ်ထင်တယ်” ဟု မျက်မြင်တွေ့ရှိသူ ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသူများတွင် ရွာများမှ စျေးဝယ်လာသူများ ပါဝင်သည့်နည်းတူ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ ဘုတ်သမား (လှေသမား) အများအပြားလည်း ပါဝင်သည်ဟု သိရသည်။

“ဒီနေ့ တနင်္ဂနွေဆိုရင် ဘူးသီးတောင်စျေးလေ။ နယ်ကလူတွေ ဘုတ်နဲ့ စျေးဝယ်လာတယ်။ ဆိပ်ကမ်းကို ဘုတ်ကပ်တဲ့အချိန် စစ်တပ်က ကားနဲ့လာပြီးတော့ ဘုတ်သမားပါ၊ စျေးဝယ်လာတဲ့လူတွေကိုပါ ဖမ်းသွားတာ” ဟု ဘူးသီးတောင်မြို့ခံက ဆိုသည်။

စစ်ကောင်စီတပ်က အရပ်သားအများအပြားကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးလေ့ရှိသည်။

မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်း ရေလမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် ဒေသတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေကြောင်းလည်း သိရသည်။ 

ယမန်နေ့ မွန်းလွဲပိုင်း၌ပင် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာ စာသင်ကျောင်းကို ဂူတာပြင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ဒရုန်းဖြင့် လာရောက်ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများ ဖိုးခေါင်ဆောင်းကျေးရွာမှ ရိုဟင်ဂျာလူမျိုး ၇၅ နှစ်အရွယ် ကာလူ၊ အသက် ၂၅ နှစ်အရွယ် မာမောက်အန္နဝါ၊ ငှက်ပျောချောင်းကျေးရွာမှ ၁၇ နှစ်အရွယ် မောင်ဖြိုးသန်းချေတို့ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

အထက်ပါ ရိုဟင်ဂျာနှစ်ဦးမှာ စာသင်ကျောင်းတွင် အလုပ်လုပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မွတ်စလင်နှစ်ယောက်ကတော့ အဲဒီစာသင်ကျောင်းမှာ အလုပ်လုပ်နေကြတာလို့ သိရတယ်။ ဒရုန်းလာတာကို မြင်လို့ စာသင်ကျောင်းကို ဝင်ပြေးတဲ့အချိန်မှာ အပစ်ခံရတာ။ ကျောင်းခေါင်မိုးတွေတောင် ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရသူ နောက်တစ်ဦးဖြစ်သည့် ငှက်ပျောချောင်းကျေးရွာမှ မောင်ဖြိုးသန်းချေဆိုသူမှာ မိသားစုဝင်များနှင့်အတူ ထိုစာသင်ကျောင်းတွင် ယခုလဆန်းပိုင်းကတည်းက လာရောက် ခိုလှုံနေသူဖြစ်သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့ လူတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းကို ဆေးကုသဖို့ ယူသွားတယ်လို့ သိရတယ်။ ဘယ်ဆေးရုံဆေးခန်းကို ယူသွားတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူး။ ဒရုန်းနဲ့ လာပစ်တာ စာသင်ကျောင်းခေါင်မိုးကိုလည်း ထိတယ်။ ခေါင်မိုးတွေလည်း ပျက်စီးသွားတယ်။ အဲဒီစာသင်ကျောင်းမှာ စစ်ဘေးရှောင်တွေလည်း ရှိတယ်” ဟု ဒေသခံ ရိုဟင်ဂျာ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၁ က နံနက်ပိုင်းမှစ၍ တစ်နေကုန်နီးပါး ဖရုံချောင်းနှင့် ငှက်ပျောချောင်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောနှစ်စီး မေယုမြစ်အတိုင်း ချီတက်လာစဉ် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည်၊ ထိုသင်္ဘောနှစ်စီးမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေရှိ ထီးစွဲကျေးရွာတွင် တပ်စွဲအထိုင်ချထားသည့် တပ်စခန်းသို့ ရိက္ခာများပို့‌ဆောင်ရန် လာရောက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

“လမ်းတစ်လျှောက်လုံး လက်နက်ကြီးပစ်ခတ်ပြီးတော့ တက်လာတာ။ တက်လာတဲ့အချိန်မှာလည်း ပစ်တယ်။ ပြန်ဆင်းသွားတဲ့အချိန်လည်း ပစ်တယ်။ တောက်လျှောက်ပစ်ပြီး သွားနေတာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ ရှိမရှိကိုတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

Myanmar Now News