မြန်မာစစ်တပ်သည် သမိုင်းကြောင်းအရ ခြိမ်းချောက်အန္တရယ်ပေးခဲ့မှုများနှင့် အလားအလာကောင်းများကို ဖျက်ဆီးခဲ့မှုများရှိခဲ့သောကြောင့် မြန်မာပြည်ငြိမ်းချမ်းရေးပန်းတိုင်သည် ရှည်လျားပြီး စိတ်ပျက်ဖွယ် ဖြစ်နေသည်။ ကာလကြာရှည် အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခြင်းနှင့် လက်နက်မဲ့ပြည်သူများအပေါ် အသက်အန္တရယ်ကျရောက်စေသော တိုက်ခိုက်မှုများသည် သက်သေပင်ဖြစ်သည်။ မတူညီသည့် ခေတ်ကာလအဆက်ဆက် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ခဲ့ သော အကြမ်းဖက်လုပ်ရပ်များကြောင့် သိန်းပေါင်းများစွာသော တိုင်းရင်းသားလူမျိုးစုများသည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်အချိန်ကတည်းမှ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများသည် အလိုအလျှောက် အဆုံးသတ်ခဲ့သော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စတင်ကြိုးစားအားထုတ်လာခဲ့သည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့အနေဖြင့် “ငြိမ်းချမ်းရေးသည် ပြည်တွင်းစစ်မှလွတ်မြောက်ပြီး၊ ပြည်သူအားလုံးကြား သဘောတူညီမှုနှင့် သဟဇတရှိမှုတို့၌ အခြေပြုနေသည်ဟု” သုံးသပ်သည်။ သို့သော် မြန်မာနိုင်ငံတစ်ဝှမ်း ဆယ်စုနှစ် ခုနစ်ခု ကြာဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သည့် ပြည်တွင်းစစ်ကြီး ဆက်လက်ဖြစ်ပွားနေခြင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးမည့် စစ်မှန်သောဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် စိန်ခေါ်မှု တရပ်အနေဖြင့် ရှိနေသည်။
“မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးမှုပေါင်းစုံရှိသည့် လူမှုအဖွဲ့အစည်းအတွက် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး၏ အကြီးမားဆုံး စိတ်ခေါ်မှုတရပ်မှာ အစိုးရအနေဖြင့် လူနည်းစုများကို လူများစုနည်းတူ တန်းတူ ဆက်ဆံမှာလား “ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ကိုအောင်ဇော်ဦးက ပြောသည်။ ဆက်လက်ပြီး ၎င်းမှ “ဒေသတွင်းနှင့် ကမ္ဘာတဝှမ်းမှ လူမှုအဖွဲ့အစည်းတွေကြား ဆက်ဆံရေးတည်တံ့ စေရန်နှင့် လူမှုအဖွဲ့အစည်းအဆင့်တိုင်းတွင် ရေရှည်လက်တွဲလုပ်ဆောင်သောအခါ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ မဟာဗြူဟာ ဖြစ်လာသည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ND-Burma ၏ ဆက်စပ်အဖွဲ့၀င်အဖွဲ့အစည်းဖြစ်သည့် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO)မှ ငြိမ်းချမ်းရေးရရှိရန် စည်းလုံးညီညွှတ်မှုသည်လည်း အရေးပါသော စိန်ခေါ်မှုတရပ်ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။ တိုင်းရင်းသားတို့၏ ပန်းတိုင်ဖြစ်သော လွတ်လပ်၍တရားမျှတသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် ငြိမ်းချမ်းရေးကို အရင်းခံယုံကြည်နေကြသည့် တိုင်းရင်းသားတို့အတွက်“ အဖွဲ့လိုက် အလုပ်လုပ်ဆောင်သည့်အခါမှာ မည်သည့်ဝင်ရောက် စွက်ဖက်မှုနှင့် နှောင့်ယှက်မှုတစ်စုံတရာမရှိပဲ လွတ်လပ်စွာလုပ်ဆောင်ခွင့်ရှိရမယ်” ဟု ချင်းလူ့အခွင့် အရေးအဖွဲ့အစည်း( CHRO) ဝန်းထမ်း ဆလိုင်းဘင်ဂျင်မင်မှ ပြောသည်။ ဆက်လက်ပြီး “ ငြိမ်းချမ်းရေးဆိုသည်မှာ လူတိုင်းတန်းတူညီမျှခြင်းဖြစ်သည်”ဟု ၎င်းမှ ထပ်လောင်းမှတ်ချက်ပြုခဲ့သည်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုမှာ စစ်တပ်မှရေးဆွဲထားသော အခြေခံဥပဒေသည် ချို့ယွင်းချက်များစွာနှင့် ပြဿနာများစွာရှိနေခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ရေးဆွဲထည့်သွင်းထားသည့် အချက်အလက်များသည် စစ်အာဏာရှင်များအား ဥပဒေအရနှင့် လူမှုရေးကဏ္ဍ အားလုံးနီးပါးတွင် အကာအကွယ်ပေးထားရုံမက၊ ၎င်းတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ရန် ခိုင်မာအောင် မြှင့်တင်ရေးဆွဲထားသည်။
စစ်တပ်၏ မဟာလူမျိုးကြီးဝါဒ၊ အာဏာရှင်အုပ်ချုပ်မှုစနစ်နှင့် စီးပွားရေး အဂတိလိုက်စားမှုများကြောင့် ငြိမ်းချမ်းရေး အလားအလာအားလုံး ပျက်ပြားခဲ့ရသည်။ ထို့အပြင် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများအတွက် စိတ်ရင်းမှန်မရှိသောကြောင့် လည်းဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများသည် အပယ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုများကို ကာလကြာရှည်စွာ ခံစားခဲ့ရသောကြောင့် ယုံကြည်မှုကင်းမဲ့လာသည်။
ND-Burma အဖွဲ့ဝင်ဖွဲ့အစည်းဖြစ်သည့် ကချင်အမျိုးသမီးများအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT)မှ အမှန်တရားရှာဖွေရေးနှင့် အကာအကွယ်ပေးရေး ယန္တရားများ တိုးတက်အောင် ဖော်ဆောင်ရန်လိုအပ်သည်ဟု သုံးသပ်သည်။
“မြန်မာစစ်တပ်သည် အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများ၊ လူမျိုးတုံးသတ်ဖြတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေသည်” ဟု ND-Burma အဖွဲ့ဝင် ကချင်အမျိုးသမီးများအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) မှတ်တမ်းနှင့် သုသေသန ဌာန ညှိနှိုင်းဆောင်ရွက်ရေးမှုး Ah San မှပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ပါဝင်နိုင်မှုသည် ပုံမှန်အားဖြင့် ငြင်းပယ်ခံရလျက်ရှိပြီး အမျိုးသမီးများ၏ လုပ်နိုင်စွမ်းအားနှင့် အတွေ့အကြုံများသည် ဘေးဖယ်ခံထားရသည်။ “ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မည်သည့်ကိစ္စရပ်တိုင်း၌မဆို အမျိုးသမီးများ၏ ပါဝင်နိုင်မှုအခန်း ကဏ္ဍရှိရမှာဖြစ်ပြီး ထိုသို့ပါဝင်လာနိုင်အောင်လည်း ပံ့ပိုးပေးရမှာဖြစ်တယ်” ဟု ၎င်းမှ ထပ်လောင်း ပြောခဲ့သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ND-Burma အဖွဲ့ဝင်များ၏ နောက်ထပ်ဆွေးနွေးသုံသပ်သည့် သော့ချက်မှာ အားလုံးပါဝင်သော အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှတဆင့် အတိတ်မှ မတရားမှု များအတွက် တရားမျှတမှုကို ရှာဖွေခြင်းနှင့် ပြန်လည်ကုစားပေးခြင်းသည် အရေးကြီးသည့် ကဏ္ဍဖြစ်သည်။ ဤလုပ်ငန်းစဉ်ကို စတင်ဖို့ရန်မှာ မြန်မာ့တပ်မတော်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်နေရာပေးခြင်းဖြင့် စတင်ရမည် ဖြစ်သည်။