ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက် တနင်္ဂနွေနေ့ညနေပိုင်းက မြန်မာပိုင်နက် ရခိုင်ပြည်နယ်၊ မောင်တောဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်နှစ်လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နယ်မြေထဲကို ကျရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ၂၉ ရက်နေ့ တနင်္လာနေ့က မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်မေးမြန်းပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာနတွေနဲ့ ဘနား သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က မြန်မာသံအမတ်ကြီးကို ခေါ်ယူကန့်ကွက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ မတော်တဆဖြစ်ပွားခဲ့တာလား ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလားဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ သတင်းထောက်တွေကို တနင်္လာနေ့အစောပိုင်းက ပြောဆိုထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒက္ကားတက္ကသိုလ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာနက ပါမောက္ခ Ehsanul Haque ကတော့ စိမ်းကားတဲ့အပြုအမူ ဖြစ်တယ်လို့ Benar သတင်းဌာနကို မှတ်ချက်ပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒေသခံတွေ အဆိုအရ လက်နက်ကြီးဟာ ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီခန့်မှာ ကျရောက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲခြင်းမရှိဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ လက်နက်ကြီးကျည်ကျတာကြောင့် ဒေသခံတွေ ကြောက်နေကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီအချိန်က မြန်မာနိုင်ငံဘက်မှာ ရက္ခိုင့်တပ်တော် AAနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ် မဖြစ် RFA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

အလားတူပဲ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ မင်းကြီးရွာမှာ ဩဂုတ်လ ၂၇ ရက်နေ့မနက် ၉ နာရီလောက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

ဒေသခံတွေရဲ့ RFA ကို ပြောပြချက်အရ အဲ့ဒီအချိန်က ရွာအနီးအနားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ ဆိုပါတယ်။

RFA Burmese