မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာဟာ သြဂုတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ပြီး နေပြည်တော်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တာဝန်ပေးခန့်အပ်ခံရပြီးတဲ့နောက် ပထမဆုံးလာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

မစ္စ နိုလင်းဟေဇာဟာ ဒီခရီးစဉ်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာ့အရေး အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီးစစ်ကောင်စီခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နောက်ဆုံးတောင်းဆိုထားတဲ့ .. အကြမ်းဖက်မှုအားလုံးကို ချက်ချင်း အဆုံးသတ်ရေး၊ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက ဒေသခံတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိဘဲ ဝင်ရောက်ခွင့် ရရှိရေးတို့အတွက်လည်း ဒီခရီးစဉ်အတွင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

နယူးယောက်အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မစ္စ နိုလင်းဟေဇာ ဟာ ဒီခရီးစဉ်အတွင်း နိုင်ငံရေးနယ်ပယ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း နယ်ပယ်က တာဝန်ရှိသူတွေ၊ လက်ရှိ ပြည်တွင်းပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေနဲ့ နက်နက်ရှိုင်းရှိုင်း တိုင်ပင်ဆွေးနွေးသွားဖို့ရှိကြောင်း ဖော်ပြထားပါတယ်။

RFA Burmese