စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာအနီးမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့က PDF တပ်ဖွဲ့ဝင် ကိုးဦးကို စစ်ကောင်စီ တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force (Wetlet) အဖွဲ့နဲ့ မိသားစုဝင်တွေက ဇွန်လ ၃၀ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောဆိုပါတယ်။

ဇွန်လ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်နေ ရွှေဘိုမြို့နယ်ကို ဖြတ်သန်းပြီး အရာတော်မြို့နယ်ထဲကို ဆေးသင်တန်း သွားတက်ဖို့အသွားမှာ စစ်ကောင်စီတပ်နဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ GZ Special Task Force (Wetlet) အဖွဲ့တာဝန်ရှိသူ ဗိုလ် GZ က ပြောပါတယ်။

“သူတို့မှာ ဘာလက်နက်မှမပါဘူး။ ဆေးသင်တန်းတက်ဖို့သွားတဲ့ကလေးတွေ၊ စစ်ကြောင်း လည်းမရှိဘူး အကုန်လုံးရှင်းတယ်ဆိုပြီး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးမှ လွှတ်လိုက်တာ။ ကြား ထဲမှာ စစ်ကောင်စီတပ်က ဘယ်လိုဖမ်းမိသွားတယ်မသိဘူး။ မနေ့ကထိ ဖမ်းခံရတယ်ဆိုတာပဲ သတင်းရတာ။ ဓာတ်ပုံတွေမြင်မှ ကိုယ့်အဖွဲ့က လူတွေဆိုတာ ဒီနေ့မှာ အတည်ပြုနိုင်တယ်”

သေဆုံးသူအမျိုးသမီးတွေက အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်နဲ့ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်တို့ ဖြစ်ကြပါတယ်။ သေဆုံးသူ အမျိုးသားတွေကတော့ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နဲ့ ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုး၊ ကိုဖိုးငြိမ်း တို့ ဖြစ်ကြပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ဖြေမဆည်နိုင်အောင် ခံစားရတယ်လို့ သေဆုံးသွားတဲ့ PDF အမျိုးသမီးရဲ့ မိခင်တစ်ဦးက ပြောပါတယ်။

“သူက ဒီလုပ်ငန်းကို အရွယ်မရောက်ဘဲနဲ့ကို တအားကိုလုပ်ချင်တာ။ ဘယ်လိုမှကို တားမရတာ သူနိုင်တဲ့ဝန်ကို ထမ်းချင်တာပါဆိုပြီးတော့ အမြဲတမ်း အဲဒီလိုပြောနေကျ။ အခုဒီလိုဖြစ်သွားတော့ ဖြေတော့ မဖြေနိုင်ဘူး။ ခံစားရတာတော့ ရင်ထဲ၊ အသည်းထဲမှာ ဘာမှမရှိသလိုကို ခံစားနေရတယ်”

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

ဖမ်းဆီးရမိတဲ့သူတွေကို ဥပဒေနဲ့အညီ မဆောင်ရွက်ဘဲ တရားလက်လွတ် သတ်ဖြတ်ခံရတဲ့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားမျှတမှု ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံတကာသိအောင် တင်ပြသွားမယ်လို့ GZ Special Task Force (Wetlet) အဖွဲ့က ပြောဆိုထားပါတယ်။

RFA Burmese