ထောင်အာဏာပိုင်များက မီးအမှောင်ချကာ လေးခွဖြင့် ပစ်ခတ်သည့်ပြင် လူ ၄၀ ခန့်သာ ဆန့်သော အဆောင်တွင် လူ ၈၀ ကျော်ကို ထောင်ပုံစံဖြင့် အိပ်စက်စေကာ မလိုက်နာသူများကို ဝါးချွန်ဖြင့် ထိုးခြင်း၊ ဝါးတုတ်ဖြင့် ရိုက်ခြင်းများရှိသည်ဟု ဆိုသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ (တောင်ကလေး) အကျဉ်းထောင်တွင် ဇွန် ၆ က အကျဉ်းထောင် ဆူပူမှုဖြစ်ခဲ့ရာ ထောင်အာဏာပိုင်များ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး ကျည်ထိမှန်ထားပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိထားကြောင်း ဘားအံအကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
ထိုနေ့တွင် ဘားအံထောင်သို့ နေပြည်တော်အကျဉ်းဦးစီးမှ ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသားများကို မူလထားရှိသည့် ကြိုးကြာဆောင်မှ ထောင်မကြီးရှိ အဆောင် ၄ သို့ အဓမ္မပြောင်းရွှေ့ခိုင်းရာမှ ပစ်ခတ်ရိုက်နှက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သာမန်အကျဉ်းသားများနှင့် ရောနှောနေရမည်ကို စိုးရိမ်၍ မပြောင်းရွှေ့လိုသော်လည်း ထောင်အာဏာပိုင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၊ ရိုက်နှက်ကာ အဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများ အဆောင် ၄ ရောက်ရှိချိန်တွင် လေးခွဖြင့်ပါ ပစ်ခတ်သည့်ပြင် ဝါးချွန်များဖြင့်လည်း ထိုးနှက်တိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၆၀ ကျော် ဒဏ်ရာရရှိကြောင်း ဘားအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ထောင်ထဲက အဆောင် ၄ ကို ပြောင်းရွှေ့ဖို့ဆိုပြီး အတင်းအဓမ္မဖိအားပေးတဲ့အခါမှာ အကျဉ်းသားတွေက ငြိမ်သက်စွာနဲ့ ထိုင်ပြီးတော့ ဆန္ဒပြကြတော့ ရိုက်နှက်ပြီး သေနတ်တွေဖောက်ပြီးတော့ မိုးရေထဲမှာ ရွှေ့ပြောင်းကြတယ်” ဟု ၎င်းက ဆိုသည်။
ထောင်အာဏာပိုင်များက မီးအမှောင်ချပြီး လေးခွတွင် ကုန်းသီးများ တပ်ဆင်ပြီး ပစ်ခတ်ခဲ့ကြောင်း၊ လူ ၄၀ ခန့်သာ ဆန့်သောအဆောင်တွင် လူ ၈၀ ကျော်ကို ထောင်ပုံစံဖြင့် အိပ်စက်စေကာ မလိုက်နာသူများကို ဝါးချွန်ဖြင့် ထိုးခြင်း၊ ဝါးတုတ်ဖြင့် ရိုက်ခြင်းများရှိသည်ဟု ဆိုသည်။
“သူတို့က ညာဘက်စောင်းဆိုရင် ညာဘက်စောင်းအိပ်ပဲ၊ ဘယ်ဘက်စောင်းဆိုရင် ဘယ်ဘက်စောင်းအိပ်ပဲ။ အဲဒါကို ပုံစံပျက်နေရင် ဝါးချွန်တွေ ဝါးလုံးတွေနဲ့ မိရာကို ထိုးတယ်၊ ရိုက်တယ်။ အဲဒီလိုရိုက်တော့ ထိခိုက်၊ ဒဏ်ရာတွေ အများကြီးရကြတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို အဓမ္မပြောင်းရွှေ့စေပြီးနောက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် နိုင်ငံရေးအကျဉ်းသား ၁၉ ဦးကို တိုက်ပိတ်ထားသောအဆောင်မှ သေနတ်သံ နှစ်ချက်ပစ်ဖောက်သံကြားရပြီး သွေးကွက်များကို တွေ့မြင်ရသည်ဟု အထက်ပါ ဘားအံအကျဉ်းထောင်နှင့် နီးစပ်သူက ဆက်ပြောသည်။
“တိုက်ပိတ်တဲ့ဘက်က လာတဲ့သူတစ်ချို့ပြောတာက သွေးကွက်တွေ့တယ်။ သေတယ်လို့တော့ ကြားရတယ်။ သေမသေကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ အတည်မပြုနိုင်ဘူး” ဟု ၎င်းက ပြောသည်။
ဘားအံထောင်နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ခုက ထိုပစ်ခတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ဒဏ်ရာရှိခဲ့ပြီး ကျည်ဆန်ထိမှန်သူ နှစ်ဦးရှိသည်ဟု ဆိုသည်။
“ထောင်ဝန်ထမ်းတွေနဲ့ အပြင်က စစ်သားတွေနဲ့ ဝင်လာပြီးတော့ ရိုက်နှက်တာကြောင့် တော်တော်များများလည်း အထိနာကြတယ်။ သေနတ်နဲ့ အပစ်ခံရတယ် ကြားတယ်။ သေသလား၊ ရှင်သလားတော့ သေချာ မသိသေးဘူး” ဟု ၎င်းက ပြောသည်။
ဘားအံအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်အာဏာပိုင်များ စည်းရုံးထားသည့် သာမန်အကျဉ်းသားများအကြား ရန်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေ ၈ တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၆၀ ကျော်ကို ကျိုက်မရောအကျဉ်းထောင်သို့ ရိုက်နှက် ပို့ဆောင်ခဲ့ရာ ဘားအံအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးကြွေးကြော်သံများ၊ သီချင်းများ သီဆိုပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြတောင်းဆိုသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ရာ ၅၀ နီးပါး ဒဏ်ရာရခဲ့ပြီး ၁၉ ဦး တိုက်ပိတ်ခံခဲ့ရကာ ယနေ့အချိန်ထိ ဆေးဝါး ကုသခွင့်မရရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။
ထို့နောက် ဇွန် ၄ တွင် နှာပိနှင့် ဆံပင်ညှပ်ဆရာဆိုသူ နှစ်ဦး အကျဉ်းထောင်အုတ်ရိုးကို ဖြတ်ကျော်ကာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ထောင်အာဏာပိုင်များနှင့် နိုင်ငံရေးအကျဉ်းသားများအကြား ပဋိပက္ခပိုဖြစ်လာခဲ့သည်ဟု ဆိုသည်။
ဇွန် ၈ ညတွင် နိုင်ငံရေးသီချင်းများ၊ ကြွေးကြော်သံများ အော်ဟစ်သီဆိုခဲ့ကြရာ ထောင်အာဏာပိုင် ၃၀ ဦးခန့်က လေးခွဖြင့် ပစ်ခတ်ခဲ့ရာ ၎င်း၏သားဖြစ်သူ ဒဏ်ရာရှိခဲ့ကြောင်း ဘားအံထောင်တွင် အကျဉ်းကျနေသူတစ်ဦး၏ မိခင်က ပြောသည်။
“အဖမ်းခံထားရတဲ့အထဲမှာ ဆရာဝန်တွေလည်း ပါတယ်။ ဆရာဝန်တွေက သူတို့မှာရှိတဲ့ ဆေးတွေထည့် ပေးထားတယ်လို့ သိရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
ဘားအံအကျဉ်းထောင်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို ဖုန်းဖြင့်သာမက လူကိုယ်တိုင်ပါ သွားရောက်ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိသောကြောင့် ကူကယ်ရာမဲ့နေသည်ဟု နိုင်/ကျဉ်း မိသားစုဝင်များက ပြောသည်။
ဘားအံထောင်တွင် ဒဏ်ရာရရှိထားသည့် ၎င်း၏ မောင်ဖြစ်သူ၏ အခြေအနေနှင့် ပတ်သတ်ပြီး ICRC သို့ ဆက်သွယ် အကူအညီတောင်းခံခဲ့သော်လည်း ထူးခြားခြင်းမရှိ၍ စိုးရိမ်မိကြောင်း ရန်ကုန်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဘာမှလည်း အခြေအနေကို မသိရဘူး။ ဘယ်သူ့ကိုမှလည်း သွားတိုင်လို့ မရဘူး။ ICRC ကလည်း ဘာအလုပ်မှ မလုပ်ဘူး။ ဖုန်းဆက်တာလည်း သေတော့မယ်။ လူကိုယ်တိုင်လာမှ ရမယ်ဆိုလို့ ဘားအံမှာ ရှိတဲ့သူ ကိုယ်တိုင်လည်း သွားပြီးပြီ။ ဘာမှ ထူးခြားမလာဘူး” ဟု ဆိုသည်။
သားဖြစ်သူ ဘားအံအကျဉ်းထောင် ရောက်သည့်အချိန်မှစ၍ ICRC ကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းမပြန်ခဲ့ကြောင်း၊ ယခုကဲ့သို့ တိုက်ခိုက်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည့် အချိန်တွင်လည်း သားဖြစ်သူအတွက် စိုးရိမ်၍ ထပ်မံဆက်သွယ်သော်လည်း ထူးခြားမလာကြောင်း ဘားအံမြို့တွင် နေထိုင်သူ နိုင်/ကျဉ်းတစ်ဦး၏ ဖခင်က ပြောသည်။
“ICRC ရဲ့ ပါဝင်မှုအခန်းကဏ္ဍက အင်မတန်အားနည်းတယ်လို့ပဲ ပြောချင်ပါတယ်။ ICRC သည် ကမ္ဘာ့ပြည်သူတွေရဲ့ ရန်ပုံငွေနဲ့ ရပ်တည်တဲ့ အသင်းအဖွဲ့ကြီးတစ်ခုဖြစ်ပြီးတော့ ဒီလောက် အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မဆောင်ရွက်ဘဲနဲ့ သူတို့က ဘာအတွက် ရပ်တည်လှုပ်ရှားနေသလဲလို့ ကျွန်တော်က မေးခွန်းထုတ်ချင်တယ်” ဟု ၎င်းက ပြောသည်။
၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာအာဏာပိုင်များက အကျဉ်းထောင်များသို့ သွားရောက်ခွင့်ကို ဆိုင်းငံ့ထား၍ လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပေးအပ်နိုင်ရန်နှင့် အကျဉ်းထောင်စောင့်ကြည့်လေ့လာရန် မလုပ်ဆောင်နိုင်သေးကြောင်း ICRC Myanmar ၏ Communication Manager Jacequeline Fernandez က ဝန်ခံသည်။
“အကျဉ်းထောင်နဲ့ အကျဉ်းသားတွေဆီကို ကိုယ်တိုင်သွားရောက်ခွင့်မရတဲ့အတွက် ကျွန်မတို့အနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့ရာနဲ့ အထောက်အပံ့တွေပေးအပ်ဖို့ရာ လုပ်ဆောင်နိုင်မှု မရှိဘူးဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော်လည်း အကျဉ်းထောင်အတွင်းသို့ ပြန်လည်သွားရောက်ပြီး အကူအညီပေးခွင့် ရရှိနိုင်ရန် ကြိုးပမ်းနေပြီး အကျဉ်းသားများကို အဝေးမှ ထောက်ပံ့ကူညီနေသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီနေ့အထိ မိသားစုတွေဘက်က ချဉ်းကပ်လာတဲ့အခါမှာ ICRC အနေနဲ့ အဓိကကူညီပေးနိုင်တာကတော့ အဆက်အသွယ်ပြန်လည်ရရှိရေး အစီအစဉ်ရဲ့ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့အညီ သူတို့ရဲ့ ဖမ်းဆီးခံထားရတဲ့ ဆွေမျိုးသားချင်းတွေ ဘယ်ဆီဘယ်ဝယ်ရောက်ရှိနေတယ်ဆိုတာကို သိရှိရအောင် ကြိုးစားရှာဖွေပေးတာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဇွန် ၅ ရက်ကပင် မန္တလေးမြို့ အိုးဘိုထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်သဖြင့် သေဆုံးသူအချို့ရှိကာ ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ရိုက်နှက်ခြင်းများ မကြာခဏဖြစ်နေရာ ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန် အင်းစိန်ထောင်နှင့် ယခုနှစ် မတ်လတွင် စစ်ကိုင်းတိုင်း ကလေးမြို့ရှိ အကျဉ်းထောင်တို့တွင် လူသေဆုံးမှုများရှိသည်အထိ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၉၉၈ ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၁၄ ဦး ပြန်လည်လွတ်မြောက်လာသူ ၃၀၃၆ ဦးရှိသည်ဟု ယနေ့ (ဇွန် ၉) ညပိုင်းက ထုတ်ပြန်ထားသည်။