မေလ ၃၀ ရက်

ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား သပိတ်အပြီးတွင် အသက် မပြည့်သေးသည့် ကျောင်းသား ငါးဦး စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခံရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗဟို အမှုဆောင် တစ်ဦးက မဇ္စျိမကို ပြောသည်။

“ဒီကနေ လှုပ်ရှားမှုက သင်္ဃန်းကျွန်းမြိုနယ်မှာ ဗကသများအဖွဲ့ချုပ်က မဟာမိတ်တွေနဲ့ ပေါင်းပြီး လုပ်တာပါ။ လှုပ်ရှားမှု ပြီးချိန်မှာ ဖမ်းဆီး ခံခဲ့ရတာပါ။ ဦးခေါင်း၊ နောက်ကျော၊ လက်၊ ခြေထောက် စတာတွေမှာ ပွန်းပဲ့ ထိခိုက်ပြီး ဒဏ်ရာရသူတွေ ရှိပါတယ်။ ဖမ်းဆီး ခံရသူတွေကိုလည်း သေနတ် ဒင်တွေနဲ့ ထုရိုက် နှိပ်စက်တာတွေ ရှိပါတယ်။ ဖမ်းခံရတဲ့ ရဲဘော် ငါးဦးရှိပါတယ်။ ဘယ်က လာဖမ်းသွားတယ် ဆိုတာလည်း အခုထိ စုံစမ်းလို့ မရသေးပါဘူး။ ဖမ်းခံရသူ‌တွေထဲ အမျိုးသမီး တစ်ဦး ပါပါတယ်။ အခြေခံပညာ ကျောင်းသားတွေ ဖြစ်တဲ့အတွက် အားလုံး လိုလိုက အသက် မပြည့်ကြ သေးပါဘူး ” ဟု ၎င်းက ပြောသည်။

ဗကသများအဖွဲ့ချုပ်ဝင်ကျောင်းသား သမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းကာ အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် နေရာတစ်နေရာ၌ ယနေ့ မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ဆောင်မှု အပြီး အဖမ်းခံရခြင်း ဖြစ်သည်။

အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို “ခွေးပါးစပ်ထဲက တိုင်းပြည်ကို ရအောင် ပြန်ယူမယ်” စာသားပါ ပိုစတာဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး လူစု ခွဲပြီးသည့်အချိန် တက္ကစီ ငှားပြန်စဉ် သပိတ်တွင် ပါဝင်သူ ငါးဦး၏ ကားကို အနီးတွင် ရှိသည့် ဒလန်များ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က အရပ်ဝတ် မောင်းနှင်သည့် အိမ်စီးကား တစ်စီးဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ငါးဦးသည် ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)မှ အသက် မပြည့်သေးသည့် အခြေခံပညာ ကျောင်းသားများ ဖြစ်ပြီး စစ်တပ်၏ အကြမ်းဖက် ဖမ်းဆီးမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများ ရှိကာ တောင်ဥက္ကလာပ မြို့နယ်ရဲ စခန်းတွင် ဖမ်းဆီး ခံထားရသည်။

“အခု ဖြစ်စဉ် အပါအဝင် နွေဦးတော်လှန်ရေး အတွင်းမှာရော ဒီမိုကရေစီ တိုက်ပွဲ အဆက်ဆက်မှာရော အကြမ်းဖက် ဖမ်းဆီး နှိပ်စက် ခံရတဲ့ ကျောင်းသား၊ ပြည်သူတွေ၊ ကျဆုံး သွားကြတဲ့ ပြည်သူလူထုတွေ၊ မီးရှို့ ဖျက်ဆီးခံရတဲ့ ကျေးရွာတွေ၊ မုဒိမ်းကျင့် နှိပ်စက် သတ်ဖြတ် ခံရတာတွေ၊ အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ် ခံရတာတွေ အစရှိတဲ့ စစ်ရာဇဝတ်မှု အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ ဒါတွေ အားလုံးအတွက် တစ်နေ့မှာတော့ ပြည်သူ လူထုရဲ့ တရား စီရင်မှုကို ဖက်ဆစ် အုပ်စု အနေနဲ့ မလွဲမသွေ ခံကြရလိမ့်မယ် ” ဟု ဗကသများ အဖွဲ့ချုပ် ဗဟို အမှုဆောင်က ဆိုသည်။

နိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထုများ၊ ကျောင်းသား သမဂ္ဂများနှင့် မြို့နယ် အခြေစိုက် သပိတ်ကော်မတီများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျား သပိတ်နှင့် လှုပ်ရှားမှုများ အားကောင်းနေဆဲ ဖြစ်ပြီး စစ်ကောင်စီ တပ်ကလည်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် လူငယ်များကို စစ်ကောင်စီ တပ်က အနောက်မှ ကားဖြင့်တိုက် သေနတ်များဖြင့် ပစ်ခတ်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့သည်။ ထို့အတွက် ဆန္ဒပြ လူငယ် အချို့ ကျဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြည်သူ ၁၁ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

Mizzima News