ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကိုလာရင်း ပင်လယ်မှာစက်လှေမှောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ၁၇ ဦး သေဆုံးခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး အံ့သြတုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောလိုက်ပါတယ်။

တိမ်းမှောက်သွားတဲ့စက်လှေဟာ ရခိုင်ပြည်နယ် စစ်တွေကနေ ကြာသပတေးနေ့က ထွက်ခွာလာတာဖြစ်ပြီး၊ စနေနေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေအနီးမှာ မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အနည်းဆုံး ၁၇ ဦးသေဆုံးပြီး၊ ဒီအထဲမှာ ကလေးတချို့ပါဝင်တယ်လို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။ ရုပ်အလောင်းတွေကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။

“နောက်ဆုံးဖြစ်ခဲ့တဲ့ ဒီအဖြစ်ဆိုးက မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဆင်းရဲအားငယ်မှုကို နောက်တစ်ကြိမ် ပြလိုက်တာပဲ” – လို့ UNHCR ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ပြောလိုက်ပါတယ်။

“ဒီလိုအန္တရာယ်များလှပြီး၊ နောက်ဆုံးမှာ သူတို့အသက်တွေတောင် ဆုံးရှုံးရတဲ့ ခရီးကြမ်းတွေကို ရွေးချယ်သွားကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ ယောကျာ်းတွေ အရေအတွက် များလာနေတာကို မြင်ရတာ ထိတ်လန့် တုန်လှုပ်မိတယ်။”

သေနိုင်တဲ့ ခရီးကြမ်းတွေကို သွားကြရတဲ့ အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်ကြောင်းနဲ့ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေသူတွေအားလုံးကို ကယ်ဆယ်ရေးနဲ့ ကမ်းကပ်ခွင့်ပေးရေး ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းသွားခဲ့ပါတယ်။

မေလ ၂၁ ရက် စနေနေ့က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ထဲ နစ်မြုပ်ခဲ့တဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာအနည်းဆုံး ၉ဝ လောက် ပါနိုင်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။

ပင်လယ်ပြင်ကနေ ရုပ်အလောင်းတွေဟာ ရွှေသောင်ယံကမ်းခြေကို မျောလာခဲ့တာဖြစ်ပြီး၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများစုဖြစ်ပါတယ်။

အသက်ရှင်လျက် မျောလာတဲ့ ရိုဟင်ဂျာ ၂ဝ လောက်ကိုတော့ ရွှေသောင်ယံရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောဆိုခဲ့ပါတယ်။

RFA Burmese