ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနဲ့ သားဖြစ်သူကို မေလ ၁၄ ရက်နေ့ ညပိုင်း စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ပင်းတယဒေသခံက RFA ကို ပြောပါတယ်။

ဒေါ်မမလေးနဲ့ သားဖြစ်သူ ကိုနေမျိုးထက်ဟာ သူတို့နေအိမ်ဖြစ်တဲ့ ပင်းတယမြို့ ဖော့တော အနောက်ရပ်ကွက်နေအိမ်မှာ ရှိနေချိန် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ အိမ်စီးကား ငါးစီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ပြောပါတယ်။

ဒေါ်မမလေးဟာ ပင်းတယမြို့ NLD ပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရထားသူဖြစ်ပြီး အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေပါ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရ တာကြောင့် ရှောင်တိမ်းနေရသူလို့ ဒေသခံက ပြောပါတယ်။

ကိုနေမျိုးထက်ကတော့ သမဝါယမဌာနကနေ CDM လုပ်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံး အကျဉ်းထောင်ကို ပို့မယ်လို့ သတင်းတွေ ကြားနေရပေမယ့် လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ပင်းတယမြို့မှာရှိတဲ့ အခြား NLD လွှတ်တော်ကိုယ်စားလှယ်အချို့လည်း အခုလိုပဲ စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ပင်းတယမြို့မှာ အဖမ်းခံထားရသူ အနည်းဆုံး ၅၀ ဝန်းကျင်လောက်အထိရှိနေပြီး တချို့ကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားကြရတယ်လို့ ဖမ်းဆီးထောင်ချခံထား ရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

RFA Burmese