ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်ခရိုင်)၊ ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ရာ ၁၂ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) က အတည်ပြုသည်။
ကူးဆိပ်ရွာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ စကခ (၈) ၊ ခမရ (၄၀၈) တပ်ရင်းက ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု အတွင်းရှိ တဒွီးခိုကျေးရွာ အတွင်းသို့ ၆၀ မမ လက်နက်ကြီး လေးချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် နှစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်သည်။
ယင်းတဒွီးခိုကျေးရွာ ဒေသခံ အသက် ၁၆ နှစ်အရွယ် နော်အယ်ဆိ၏ ရင်ဘတ်ကို လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် နော်သဒါး၏ ဝမ်းဗိုက်ကို လက်နက်ကြီးအစ ထိမှန်ခဲ့ရာ ဒဏ်ရာ ပြင်းထန်သော နော်သဒါး ကို ဆေးကုသရန် ကြိုးစားခဲ့သော်လည်း ယမန်နေ့ မေလ ၈ ရက်နေ့တွင် သေဆုံးသွားကြောင်း မူတြော်သတင်းစဉ်က ယနေ့ မေလ ၉ရက်တွင် ထုတ်ပြန်ထားသည်။
ရိက္ခာ ဖြတ်တောက် ခံထားရသော စစ်ကောင်စီ ရှေ့တန်း စခန်းများ အတွက် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်း များအား မြေပြင် ထောက်ပို့တပ်က ပို့ဆောင်ရန် ကြိုးပမ်းနေစဉ် ကတဲတိ(ကတိုင်တိ)နှင့် ကူးဆိပ် ကားလမ်းဘေးရှိ ကျေးရွာအများ အတွင်းသို့ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရွယ်ရည်ချက်ရှိရှိ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း KNU ဘက်က ဆိုသည်။
တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်သည် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း ပစ်ခတ်မှုဒဏ်ကို မကြာခဏ ကြုံနေရပြီး အရပ်သား သေဆုံးမှုများလည်း ရှိနေသည်။
ဖာပွန်ခရိုင်တွင် ဧပြီလ အတွင်းက KNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပေါင်း ၄၀၀ နီးပါး ဖြစ်ပွား ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူး တစ်ဦး အပါအဝင် ၁၇၃ ဦးသေဆုံးပြီး ဦးရေ ၉၀ ဝန်းကျင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ထားသော KNU ထိန်းချုပ်ရာ ကော်သူးလေ နယ်မြေတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေပြီး လစဉ် တိုက်ပွဲပေါင်း ရာချီ ဖြစ်ပွားနေခြင်း ဖြစ်သည်။