မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂယူနက်စကိုအဖွဲ့က သတ်မှတ်ထားပါတယ်။ ဒီနှစ်မှာတော့ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းလောကသားတွေရဲ့ ညီလာခံကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းထောက်တွေရဲ့လုံခြုံရေး၊ လူတွေရဲ့သတင်းသိရှိပိုင်ခွင့်တွေကို ဒီညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာပြန်သိမ်းတဲ့အခါမှာ သတင်းမီဒီယာတွေ၊ သတင်းထောက်တွေ ဖမ်းဆီးသတ်ဖြတ်ထောင်ချခံရ၊ ပိုင်ဆိုင်မှုတွေ အသိမ်းခံရတာတွေ ဖြစ်နေပါတော့တယ်။ ဒီလိုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက အခုလို ပြောပါတယ်။
“အာဏာမသိမ်းခင်တုန်းကတော့ ကျွန်တော်တို့က ၂၀၁၀ ကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲရဲ့ အကျိုးဆက်ကြောင့်ပေါ့နော်၊ အတိုင်းအတာတခုအထိ ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရခဲ့တယ်။ လုပ်ပိုင်ခွင့်ရခဲ့တယ်ဆိုတာ ဥပမာအားဖြင့် ကျွန်တော်တို့တွေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အတိုင်အတာတစ်ခုအထိ ရေးလို့ရနိုင်တဲ့ အခြေအနေရှိခဲ့တယ်။ ဥပမာအားဖြင့် ဦးပိုင်ကုမ္ပဏီကို သွားပြီး အင်တာဗျူးလုပ်တာမျိုးတွေ။ နောက်တစ်ခါ ဦးကိုနီလုပ်ကြံခံရတဲ့ကိစ္စမျိုး ဆိုလို့ရှိရင်လဲ ကျွန်တော်တို့တွေ လိုက်လံစုံစမ်းတယ်။ ရဲတပ်ဖွဲ့လဲမကျေနပ်ဘူး ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်မှာ။ သူတို့ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အတိုင်းအတာတစ်ခုအထိတော့ ကျွန်တော်တို့တတွေ လုပ်ပိုင်ခွင့်ရခဲ့တယ်။ အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးတာ မှန်တယ်။ သို့ပေမဲ့လဲ NLD တက်လာတဲ့နောက်ပိုင်းအခြေအနေက ဘာနဲ့တူလဲဆိုတော့ ပိုပြီးတော့မှ လုပ်ပိုင်ခွင့်တွေခက်ခဲလာတယ်လို့ ကျွန်တော် ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းမယ့် အငွေ့အသက်တွေက ပြောရမယ်ဆိုရင် ၂၀၁၇ ဦးကိုနီကို စတင်လုပ်ကြံလိုက်ကတည်းကိုက တိုင်းပြည်က အခြေအနေ မကောင်းနိုင်တော့ဘူးဆိုတာ အမြဲတမ်း ကျွန်တော်တို့ ခံစားရတယ်။ အထူးသဖြင့် မဘသလှုပ်ရှားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာတာ။ မဘသဆိုတာ ဘာလဲဆိုတာ အခု အဖြေပေါ်တာပဲ။ မကြာသေးခင်က CDM လုပ်လာတဲ့ သတင်းတပ်ဖွဲ့က အဆင့်မြင့်ရဲမှူးကြီးပြောတဲ့အတိုင်းဆိုရင် မဘသလှုပ်ရှားမှုကြီး တစ်ခုလုံးက စစ်တပ်ကနေ အဓိက ကိုင်တွယ်တာပဲ။ ဒါတွေအကုန်လုံးက ကျွန်တော်တို့သတင်းသမားတွေ အကုန်လုံးအတွက် အန္တရာယ်တွေချည်းပဲ”
၂၀၁၈ ခုနှစ်ကစလို့ ဧရာဝတီတိုင်းမှာ Delta News Agency စတင်တည်ထောင်ခဲ့တဲ့ ကိုစိုးရကလဲ အခုလို ပြောပြပါတယ်။
“၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာက မီဒီယာတွေက ပြည်ပကနေ ပြည်တွင်းထဲကို ပြန်ဝင်လာတယ်၊ မီဒီယာကြီးတွေပေါ့။ လုပ်သာကိုင်သာ အခွင့်အလမ်းတွေ ပိုရလာတယ်။ ဒါပေမဲ့ ဒေသတွင်း သတင်းမီဒီယာဖွံ့ဖြိုးမှုကတော့ ပထမ ငါးနှစ်တာမှာ အားနည်းခဲ့တယ်”
၂၀၁၁ ခုနှစ်ကစပြီး ဓာတ်ပုံသတင်းထောက်တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့တဲ့ ကိုရဲနောင်က ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ ဓာတ်ပုံလိုက်ရိုက်ရင်း၊ သတင်းယူရင်းနဲ့ စစ်တပ်ရဲ့ဘေးကနေ ရှောင်တိမ်းခဲ့ရပုံကို အခုလို ပြောပြပါတယ်။
“ဖေဖော်ဝါရီ ၂၅ ရက်မှာ တပ်မတော်ထောက်ခံတဲ့လူတွေက ဒီမိုကရေစီ လိုလားတဲ့သူတွေနဲ့ အချင်းများ ကြတာပေါ့။ အချင်းများတော့ ဓားထိုးမှုဖြစ်တယ်။ ကျွန်တော်က အဲဒါကို ဗီဒီယိုရိုက်ထားတယ်။ ညနေပိုင်းမှာ အွန်လိုင်းပေါ် တင်လိုက်တယ်။ တင်လိုက်တော့ ခြိမ်းခြောက်မှုတွေ အများကြီး ကြုံရတယ်ပေါ့နော်။ ဒီဖိုင်က ကျွန်တော်ပဲ ရလိုက်တာကိုး။ ကျွန်တော်ကို ခြိမ်းခြောက်ကြတယ်၊ သတ်မယ် ဘာညာ ပြောတာပေါ့။ အဲဒီက စပြီးတော့ ကျွန်တော်နေရာတစ်နေရာ ပြောင်းလိုက်ရတယ်”
စစ်တပ်က အာဏာသိမ်းမှာကို ကြိုတင်တွက်ဆထားတဲ့အတွက် သူတို့ပြင်ဆင်ခဲ့တယ်လို့ မြန်မာနောင်း ကိုဆွေဝင်းက ပြောပါတယ်။
“အာဏာမသိမ်းခင် သုံးလေးရက်လောက် ကတည်းက အာဏာသိမ်းတော့မယ်လို့ ကျွန်တော်တို့ သတင်းဆောင်းပါးတစ်ပုဒ် မြန်မာနောင်းကနေ ရေးလိုက်တယ်။ အာဏာသိမ်းပြီဟေ့ ဆိုတဲ့နေ့မှာတင် ကျွန်တော်တို့တွေရုံးမှာရှိတဲ့ အရေးကြီးတဲ့ပစ္စည်းတွေအားလုံးကို သိမ်းလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့လူတွေအားလုံးကို နယ်တွေမှာ ခတ္တခဏ တိမ်းရှောင်ခိုင်းတယ်။ ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ စဉ်းစားတာက… သူတို့က အမြစ်ပါမကျန် ဆော်မယ့် အနေအထားရှိတယ်ပေါ့။ ကျွန်တော်တို့ဆက်ပြီး လှုပ်ရှားလို့ရအောင် တချို့လူတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့နယ်မြေကို ကျွန်တော် ပို့လွှတ်လိုက်တယ်။ အဲဒီတောတွင်းမှာ မီးမရှိရေမရှိ အခြေအနေမှာ ကျွန်တော်တို့တွေ မီးစက်တွေနဲ့ သတင်းတွေကို ဆက်လက် ထုတ်လွှင့်ခဲ့ရတဲ့အခြေအနေ ရှိပါတယ်ခင်ဗျ”
Delta News Agency ကလည်း သူတို့ရုံးကိုပိတ်ပြီး တိုင်းရင်းသားနယ်မြေဘက် ပြောင်းခဲ့ရတဲ့အကြောင်း ကိုစိုးရက ပြောပြပါတယ်။
“အာဏာသိမ်းပြီးတော့ ရက်ပိုင်းအတွင်းပဲ ကျွန်တော်တို့ ပုသိမ်ရုံးကိုပိတ်ပြီး ရန်ကုန် ပြောင်းလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်က ဖမ်းလို့တော့မဟုတ်ဘူး၊ ကြိုပြင်တာပေါ့နော်။ ရန်ကုန်မှာပဲဆက်ပြီးတော့ လှုပ်ရှားတယ်။ ဒါပေမဲ့ အင်တာနက်ဖြတ်တာတွေ ပိုပြီးတော့တင်းကြပ်တာတွေ ဖြစ်လာတယ်ပေါ့။ အိမ်တွေကို လိုက်စစ်တာတွေ ဖမ်းတာတွေ ဖြစ်လာတဲ့အခါမှာ ကျနော်တို့နေရတာ မလုံခြုံတော့ဘူး။ နောက်ပြီးတော့ ပိုဆိုးတဲ့အခြေအနေမှာ ပိတ်မိသွားမှာထက်၊ အလုပ်တွေ ဆက်လုပ်နိုင်ဖို့အတွက် ရန်ကုန်က ထွက်မှဖြစ်တော့မယ်ဆိုပြီး စဉ်းစားတယ်။ ဒါနဲ့ ကျွန်တော်တို့ ကရင်ပြည်နယ် လေးကော့ကော်ဘက်ကို ရွှေ့တယ်။ လေးကေ့ကော်ကျတော့ နယ်စပ်နဲ့အနီးဆုံးမှာလဲ ရှိတယ်၊ လျှပ်စစ်မီးလဲ ထိုင်းဘက်ကနေ ၂၄ နာရီ ရတယ်၊ အင်တာနက်ကလဲ ရတယ် ဆိုတော့ ကျွန်တော်တို့အတွက် အဆင်အပြေဆုံးဆိုပြီး လေးကေ့ကော်ကို ရွှေ့တာ”
အဲဒီနောက် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလထဲမှာ လေးကေ့ကော်ကို စစ်ကောင်စီဘက်က ဝင်ပြီးတိုက်တဲ့အတွက် Delta News Agency အဖွဲ့သားတွေလည်း အဲဒီကနေ လွတ်မြောက်ရာ ဒေသတစ်ခုကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ပြောပါတယ်။
မတ်လနဲ့ ဧပြီလတွေမှာ သတင်းလိုက်ရတာ ပိုပြီး အန္တရာယ်ရှိလာတဲ့အကြောင်း ကိုရဲနောင် ပြောတာက ဒီလိုပါ။
“ဧပြီ ၃ ရက်နေ့မှာ ဝန်ကြီးများရုံးရှေ့မှာ လူငယ်တွေဆန္ဒပြတာ၊ ဗီနိုင်းတွေနဲ့ ချိဆွဲနေတာ… အဲဒါ ကျွန်တော်တို့ သတင်းသွားယူတယ်။ တခြားသတင်းဌာနတွေလဲ ပါတယ်။ စစ်ကောင်စီက ကျွန်တော်တို့ကားကိုအရှိန်နဲ့ပြေးတိုက်တာ။ ကျွန်တော်တို့ကားလဲ မောင်းပြေးတာပေါ့။ ဘေးနားမှာ တခြား ဆန္ဒပြကားတစ်စီး ပါတယ်။ ကျွန်တော်တို့ကားက ရှေ့တည့်တည့်သွားလိုက်တယ်။ ဆန္ဒပြကားက ကွေ့လိုက်တေ့ သူတို့ ကျွန်တော်တို့ကားကို မလိုက်တော့ဘဲနဲ့ ဆန္ဒပြတဲ့ကားနောက်ကို လိုက်သွားတယ်။ အဲဒါ ကျွန်တော်တို့လွတ်သွားတယ်”
အဲဒီနောက်မှာတော့ သတင်းထောက်မှန်း မရိပ်မိအောင် အသွင်မျိုးစုံနဲ့ ပုံစံပြောင်းပြီး အပြင်ထွက် သတင်းယူရတယ်လို့ ကိုရဲနောင်က ပြောပြပါတယ်။
“သင်္ကြန်လမှာ သင်္ကြန်သပိတ်တွေရှိတော့ ကျွန်တော်တို့ ပုံစံအမျိုးမျိုးနဲ့ ထွက်ရတယ်ပေါ့နော်။ ပုဆိုးနဲ့ ခပ်မွဲမွဲပုံသွားရတယ်။ ကင်မရာဆိုရင်လဲ ကျောပိုးအိတ်နဲ့မလွယ်ဘဲနဲ့ ဈေးဝယ်တဲ့အိတ်နဲ့ ထည့်ရတယ်”
ဘယ်လိုပဲ ကြိုတင်ပြင်ဆင်ပေမယ့် မြန်မာနောင်းသတင်းထောက် မကေဇွန်နွေးဟာ သတင်းလိုက်ရင်း အဖမ်းခံလိုက်ရသလို သူတို့သတင်းတိုက်က အယ်ဒီတာတွေ ဝရမ်းထုတ်ခံရ၊ အိမ်တွေအသိမ်းခံရ၊ အဖမ်းခံရတာတွေ ရှိခဲ့တဲ့အကြောင်း ကိုဆွေဝင်းက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာ အမျိုးသမီးသတင်းထောက်မကေဇွန်နွေးဟာ စမ်းချောင်းမှာ သပိတ်တွေ ပထမဆုံးဖြိုခွင်းခံရတော့ အဖမ်းခံလိုက်ရတယ်။ လေးလတိတိ အဖမ်းခံလိုက်ရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို လိုင်စင်ရုပ်သိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်ရယ်၊ အယ်ဒီတာကိုအောင်ရှင်နဲ့ နောက်အယ်ဒီတာတစ်ယောက်ရယ်၊ ကျွန်တော်တို့ဆီက အယ်ဒီတာဟောင်း အမေရိကန်နိုင်ငံသား ဒန်နီဖန်းစတားရယ်၊ အားလုံးပေါင်း ၄ ယောက်ကို ပန်းပဲတန်းမြို့နယ်ရဲစခန်းက ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတယ်။ အကြမ်းဖက်မှုပုဒ်မတွေ ပါတယ်၊ တရားမဝင်အသင်းပုဒ်မတွေ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အားလုံးကတော့ တိမ်းရှောင်နိုင်ခဲ့တယ်။ ကျွန်တော်ကတော့ အာဏာမသိမ်းခင်ကတည်းက နိုင်ငံပြင်ပရောက်နေလို့ သက်ရောက်မှုမရှိခဲ့ဘူး။ ကျွန်တော့်ရဲ့အိမ် အသိမ်းခံရတာပဲ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ တခြားမြန်မာလူမျိုး အယ်ဒီတာတွေရဲ့ အိမ်တွေအသိမ်းခံရတယ်။ ဒါပေမဲ့ ဒန်နီဖန်းစတားကတော့ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတယ်။ အခုတော့ သူလဲ အမေရိကန်နိုင်ငံကို ပြန်ရောက်နေပါပြီ”
အခုလို သတင်းဌာနတွေ၊ သတင်းထောက်တွေ အန္တရာယ်ရှိနေပေမယ့် စစ်ကောင်စီဘက်က ရပ်တည်ရေးသား ပြောဆိုနေတဲ့သူတချို့ကတော့ အန္တရာယ်ကင်းကင်းနဲ့ သတင်းလောကမှာ နေရာယူနေကြတာ တွေရတယ်လို့ ပြောကြပါတယ်။ ဒီလိုစစ်ခေါင်းဆောင်တွေဘက်က သတင်းလောကကို ထိန်းချုပ်ဖို့ ကြိုးစားတာ၊ သူတို့သြဇာခံ သတင်းဌာနတွေ၊ သူတို့အကြိုက်သတင်းတွေ တင်ပြမယ့် သတင်းထောက်တွေ မွေးတာကလည်း အာဏာမသိမ်းခင်ကတည်းကလို့ ကိုစိုးရက ပြောပြပါတယ်။
“ကျွန်တော် နေပြည်တော်မှာရှိကတည်းက အခြေအနေက သတင်းထောက်တွေကို သူတို့က ဝယ်တယ်ပေါ့နော်၊ ငွေအင်အားသုံးပြီးတော့ စည်းရုံးတယ်။ ပြီးရင် သတင်းဌာနအသစ်တွေ လုပ်တယ်ပေါ့။ အဲဒါက အာဏာမသိမ်းခင် ၂ နှစ်လောက်ကတည်းက နေပြည်တော်မှာ ဟိုးလေးတကျော် ဖြစ်နေတဲ့၊ လူတိုင်းသိနေတဲ့ကိစ္စ။ နောက်တခုက ပြီးခဲ့တဲ့ငါးနှစ်လောက်မှာ နယ်တွေမှာလဲ ကျွန်တော်တို့ဒေသတွင်းမီဒီယာတွေ ဖွံ့ဖြိုးတာကနောက်ကျသေးတယ်၊ သူတို့က အရင်ဆုံး ဘာလုပ်ထားလဲဆိုတော့… မှုခင်းရှုထောင့်တို့ မှုခင်းသတင်းထောက် လိုဟာမျိုးကို ရဲလူထွက်တွေ ရဲဟောင်းတွေ စစ်တပ်လူထွက်တွေကို “သတင်းထောက်တွေ” ဆိုပြီး နယ်တွေမှာ လိုင်းကြေးတောင်းတယ်၊ ငွေညှစ်တယ်၊ KTV တွေကို ‘သတင်းရေးလိုက်ရမလား’ ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတယ်။ ပြောရရင် ရဲတွေနဲ့ပေါင်းပြီးတော့ အမှုပွဲစား လုပ်နေတာ။ အဲဒါတွေက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတာတွေ”
အခုလို သတင်းဌာနတွေ သတင်းထောက်တွေအနေနဲ့ သက်စွန့်ဆံဖျားလုပ်ကိုင်ရတာ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိတာတွေက သတင်းရဲ့အရည်အသွေးကိုလည်း ထိခိုက်စေတယ်လို့ ကိုဆွေဝင်းက ဆိုပါတယ်။ ဒါကြောင့် မြန်မာ့စာနယ်ဇင်းနဲ့ သတင်းလောကဟာ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တို့လို အာဏာရှင်လက်အောက်က အခြေအနေ ဖြစ်သွားပြီလို့ ကိုဆွေဝင်းက သုံးသပ်ပါတယ်။
“အခု အာဏာသိမ်းလိုက်ပြီဆိုတဲ့ အခြေအနေကတော့ ကျွန်တော်တို့ တခါမှမမြင်ဖူးခဲ့တဲ့၊ မီဒီယာတွေအပေါ်တင် မကပါဘူး၊ တခြား ဖိနှိပ်ရက်စက်မှုတွေကို ကျွန်တော်တို့ ကြုံတွေ့ကြားသိရတာပါပဲနော်။ မီဒီယာနဲ့ပတ်သက်ပြီးတော့ ဘယ်လိုယူဆလဲဆိုတော့ မီဒီယာကို နှိမ်နင်းရမယ့်ရန်သူထဲမှာ ထပ်တူပြုပြီးတော့မှ နှိမ်နင်းတဲ့အခါကျတော့ မီဒီယာသမားတွေ ဖမ်းဆီးခံရတာတွေ ရှိတယ်။ နောက်တစ်ခါ သတင်းနဲ့ပတ်သက်ပြီးတော့ လုံးဝလုပ်လို့မရအောင် နှိပ်ကွပ်ပစ်တာ အကုန်လုံးကို၊ သတင်းသမားဆို အကုန်ဖမ်းမယ်ပေါ့။ အများအားဖြင့် လက်ရှိ ခွင့်ပြုထားတဲ့သူတွေကလဲ အရင်တုန်းက ၂၀၁၀ အလွှဲအပြောင်းမလုပ်ခင်က ရှိခဲ့တဲ့ သူတို့ control လုပ်လို့ရနိုင်တဲ့ မီဒီယာတွေကို သူတို့ အတိုင်းအတာတခုအထိ ခွင့်ပြုတယ်။ ဒါတွေကလဲ သူတို့အသုံးချချင်လို့ပါ။ အခုဆိုရင် အံ့သြစရာကောင်းတာက ၂၀၂၀ မတိုင်ခင် မှာ နည်းပညာလဲ အင်မတန်အားနည်းတယ်။ အင်တာနက်ရော၊ နောက်ပြီးတော့ ကင်မရာတွေသုံးစွဲနိုင်မှု၊ မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုတွေ သတင်းထောက်လောကထဲမှာ တော်တော်အားနည်းတယ်။ အခုဆိုရင် အများကြီးကို သုံးစွဲနိုင်တယ်။ သို့ပေမဲ့ အဲဒီလို သုံးစွဲနိုင်တာတောင်မှ ပြည်တွင်းက သတင်းထောက်တွေ လုံးဝ မလှုပ်သာဘူး။ ဘာလို့လဲဆိုတော့ မထင်ရင် မထင်သလို ဖုန်းတွေစစ်တယ်၊ သတင်းထောက်တွေ ဓာတ်ပုံရိုက်လို့ မလွယ်ဘူး၊ နောက်ပြီးတော့ သတင်းထောက်တစ်ယောက်မိသွားရင်တောင်မှ သတင်းထောက်ပုဒ်မ တင်မကဘဲ တခြားပုဒ်မတွေ မျိုးစုံတပ်တယ်။ မိသားစုတွေကိုပါ ဒုက္ခပေးတယ်။ ကျွန်တော်တို့ အခုမြင်ရတဲ့အခြေအနေက ပြောရမယ်ဆိုရင် မြန်မာပြည်က တရုတ်တို့ မြောက်ကိုရီးယားတို့ အီရန်တို့လိုပေါ့”
ကိုစိုးရကလည်း မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ အနှုတ်လက္ခဏာ ပြသွားပြီလို့ ပြောပါတယ်။
“ဇီးရိုးတောင် မဟုတ်တော့ဘူး။ မိုင်းနပ်စ် ရောက်သွားပြီ။ သတင်းထောက်တွေက အဖမ်းခံရသည့်တိုင်အောင် သတင်းထောက်လို့ မပြောရဲတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်ဆိုရင် သတင်းထောက်တွေမို့လို့ ပိုလုပ်တယ်ဆိုတာ ပိုဖြစ်တယ်။ ပိုဖမ်းတယ်၊ ပိုရိုက်တယ်၊ ပိုပြီးတော့ ထောင်ချတယ်။ အဲဒီတော့ သတင်းလွတ်လပ်ခွင့် မပြောနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးတောင်မှ စိတ်မချရတဲ့ အခြေအနေ။ အဲဒါက ဇီးရိုးလယ်ဗယ် (သုညအခြေအနေ)။ ဒါ့ထက်ပိုပြီးတော့ မိုင်းနပ်စ် (အနှုတ်လက္ခဏာ) က ဘာလဲဆိုတော့ သတင်းထောက်အတုတွေကို ဖန်တီးပြီးတော့ သူတို့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပတယ်။ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဇော်မင်းထွန်းကို လာမေးတဲ့သူတွေကို ကြည့်လိုက်ရင် အဲဒီလူတွေက သတင်းထောက်အစစ်တွေ မဟုတ်ဘူးဆိုတာ သိသာတယ်။ ကျွန်တော်တို့လဲ တခါမှမမြင်ဖူးဘူး။ သူတို့မေးတဲ့ ပြောတဲ့ ပုံစံတွေကလဲ သတင်းထောက် မဟုတ်ဘူးဆိုတာ အသိသာကြီးပဲ။ အဲတော့ သတင်းထောက်မဟုတ်တဲ့သူတွေကို သတင်းထောက်အတု ဖန်တီးထားတာ Zero Level မဟုတ်တော့ဘူး၊ Minus Level ဖြစ် သွားပြီ။ ဒါကရှက်ဖို့ကောင်းတယ်။ သတင်းလောကကို ဖျက်ဆီးလိုက်တာပေါ့”
CPJ လို့ခေါ်တဲ့ “သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ” က မြန်မာ့သတင်းလောကနဲ့ ပတ်သက်လို့ ၁၉၉၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ အနှစ်သုံးဆယ်အတွင်းမှာ ၂၀၂၁ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့် ဆုံးရှုံးမှုအများဆုံးနဲ့ သတင်းထောက်တွေ အန္တရာယ်အရှိဆုံးနှစ်ဖြစ် ဖော်ပြထားတာ တွေ့ရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအနှံ့မှာ အသတ်ခံရတဲ့ သတင်းထောက်က သုံးယောက်၊ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၁၅ ယောက်၊ အဲဒီထဲက တချို့ကိုပြန်လွှတ်ပေးပေမယ့် ၁၄ ယောက်ထောင်ချခံရပြီး ၅၇ ယောက်ကို ထိန်းသိမ်းတရားစွဲထားတယ်လို့ RSF ခေါ် နယ်စည်းမခြားသတင်းထောက်အဖွဲ့က တင်ပြထားပါတယ်။
မြန်မာနောင်းအပါအဝင် DBV၊ မဇ္ဈိမ၊ 7 Day နဲ့ ခေတ်သစ် စတဲ့သတင်းဌာနငါးခုကို လိုင်စင်ရုပ်သိမ်းပြီး သတင်းတိုက်တွေကို ဝင်စီးနင်းခဲ့သလို၊ အခုချိန်မှာ အပိတ်ခံထားရတဲ့ သတင်းဌာန စုစုပေါင်း ၁၂ တိုက်ရှိပြီး ဒေသနှစ်ခုမှာ အင်တာနက်ဆက်သွယ်ရေး ဖြတ်ထားတယ်လို့လည်း RSF ကထောက်ပြထားပြီး မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာမှာ အဆင့် ၁၄၀ ရောက်သွားတယ်လို့ ဖော်ပြထားပါတယ်။