နိုင်ငံရေးတွင် စစ်တပ် ဝင်မရှုပ်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအဖြေဖြစ်မည်ဟု KNU က ဆိုသည်။

စစ်ကောင်စီအနေဖြင့် ကျဆင်းနေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းရန်အလို့ငှာ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို တိုက်ပွဲဖြစ်ပွားရာဒေသများမှ ပြန်လည်ရုတ်သိမ်းသွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်သည်။

“စစ်ကောင်စီလက်အောက်ခံ တပ်ဗိုလ်၊ တပ်မှူးများအနေဖြင့် ကျရှုံးနိုင်ငံအဖြစ် ရောက်ရှိနေသော မိမိတို့နိုင်ငံကို ပြန်လည်ကယ်တင်ရေး ပြည်သူလူထုဘက်မှ ပူးပေါင်းပါဝင်ကြရန်” ဟုလည်း KNU ၏ ယနေ့ (ဒီဇင်ဘာ ၂၀) ညနေပိုင်း ထုတ်ပြန်ချက်က ဆိုသည်။

အနာဂတ်နိုင်ငံရေးတွင် ပါဝင်စွက်ဖက်နေခြင်းမှ ဆုတ်ခွာကြောင်း စစ်တပ်က ကတိပေးလုပ်ဆောင်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းသည်သာလျှင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအဖြေဖြစ်ကြောင်းလည်း KNU ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီရန်ကြောင့် ခိုလှုံလာသူများကို လူသားချင်းစာနာထောက်ထားမှုအခြေခံကာ စောင့်ရှောက်ကာကွယ်ပေးနေခြင်းဖြစ်ပြီး စစ်ကောင်စီက စစ်ရေးအရ အင်အားသုံး ဖိအားပေး၊ အကြမ်းဖက်တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများဖြစ်လာရသည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူလူထု ၃၀၀၀ ကျော်ကို လက်ခံနေရာချထားပေးသည့် ထိုင်းနိုင်ငံအစိုးရနှင့် ထိုင်းပြည်သူများကို အထူးကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ ထပ်မံတိမ်းရှောင်သူ ၂၀၀၀ ကျော်ကို နေရာချထားပေးရန်၊ နိုင်ငံတကာအဖွဲ့အစည်းများကို ဝင်ရောက်တွေ့ဆုံခွင့်ပေးရန်၊ ထောက်ပံ့ကူညီပေးရန် KNU က တောင်းဆိုထားသည်။

ထို့ပြင် လေးကေကော်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် ကုလသမဂ္ဂဦးဆောင်ကာ အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန်လည်း တောင်းဆိုထားသည်။

KNU ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်းမရှိသေးသည့်နည်းတူ KNU နှင့် စစ်ရေးရင်ဆိုင်နေခြင်းအပေါ် သတင်းထုတ်ပြန်ခြင်း မရှိပေ။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြဝတီမြို့နယ် လေးကေကော်နှင့် ဖလူးဒေသတွင် ဒီဇင်ဘာ ၁၅ ရက်မှစ၍ KNU/PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင်နေဆဲဖြစ်သည်။

“တိုက်ပွဲအသေးစိတ်အခြေအနေက ပြောဖို့ ခက်တယ်။ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေတယ်”ဟု ယနေ့ ည ၈ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

လေးကေကော်တောင်ဘက်ရှိ တောင်ကုန်းပေါ်နှင့် မြဝတီမြို့တောင်ပေါ်ရှိ ကျောက်လုံးကြီးဘုရားပေါ်မှ နေ၍ စစ်ကောင်စီတပ်က မယ်ထော်သလေးရွာနှင့် လေးကေကော်အုပ်ချုပ်ရေးရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

“ဒီနေ့ စကစဘက်က မြေပြင်လှုပ်ရှားမှု မရှိဘူး။ လက်နက်ကြီးနဲ့ပဲ ပစ်နေတာ” ဟု အဆိုပါဒေသခံက ဆိုပြီး ယနေ့ နံနက်ပိုင်းကတည်းက ညနေပိုင်းအထိ စကစဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် မယ်ထော်သလေးရွာဘက်တွင် အိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

“ထိုင်းဘက်က ဒီနေ့ ဘုရင့်အမလား၊ ညီမလား မသိဘူး၊ သူ့မွေးနေ့မို့လို့၊ အဲဒါကြောင့် အပစ်ရပ်ပေးပါလို့ ကျွန်တော့်လူကြီးတွေကို ပြောသံကြားတယ်။ ကျွန်တော်တို့ဘက်က အပစ်ရပ်ထားတယ်။ စကစ (စစ်ကောင်စီ) ဘက်ကတော့ ပစ်နေတာပဲ။ ရမ်းပစ်တာ။ ကျတဲ့နေရာ သူတို့ပစ်တာ။ အတည်တကျမရှိဘူး”ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းတော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံသည် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့သို့ ရှောက်ရှိလာကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။

လေးကေကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

Myanmar Now News