ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်ကို ဖမ်းဆီးစဉ် သူ၏ သမီးငယ်လည်း စစ်ကြောရေးစခန်းတွင် စစ်ကြော မေးမြန်းခံရသည်ဟု မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားတို့က ရန်ကုန်မြို့မှ သတင်းသမား မထက်ထက်ကို ဖမ်းဆီးရာတွင် သူ၏ ၇ နှစ်အရွယ် သမီးဖြစ်သူကိုပါ နှစ်ညတိတိ ခေါ်ယူထားကာ စစ်ဆေးခဲ့ကြောင်း ရန်ကုန်သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့က သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်၊ သူ၏သမီး၊ သတင်းထောက် ကိုဝေလင်းယုတို့ကို ဖမ်းဆီးစဉ် ကလေးကိုပါ ထိုသို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစု၏ မိတ်ဆွေတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောပြသည်။

အမှုဖွင့်ထားသည့် သာကေတမြို့နယ် ရဲစခန်းက ၎င်းတို့ကို ဖမ်းဆီးစဉ် ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု မိသားစုဝင်များကို ပြောဆိုခဲ့သည်ဟု သိရသည်။

“သတင်းထောက်တစ်ယောက်အနေနဲ့ သတင်းပုံစံမဟုတ်ဘဲနဲ့ ဖောက်ခွဲရေးနဲ့ စွဲထားတာကိုတော့ သဘောမကျဘူး မိသားစုက ပြောတယ်၊ စိတ်ထဲမှာ ဘဝင်မကျဘူး” ဟု  မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ကလေးကို စစ်ကြောရေးဝင်စဉ်ကလည်း လက်နက်နှင့် ပတ်သက်ပြီး မေးမြန်းခံရသည်ဟု ကလေးက ပြန်လည်လွတ်မြောက်လာပြီးနောက် ပြောပြကြောင်း သိရသည်။

“သမီးအမေကြီးက သေနတ်တွေဝယ်တာ တွေ့လားလို့ ကလေးကိုမေးတယ်၊ ကလေးကတော့ သူလည်း မမြင်ဖူးဘူး၊ သူ့အမေကလည်း အဲဒါတွေ မလုပ်ဘူး၊ သမီးအမေကြီးက သမီးကို သေနတ်ကစားစရာ မဝယ်ပေးဘူးလို့ပဲ ပြောလိုက်တယ်လို့ ကလေးက အိမ်ရောက်တော့ အဲလိုပြန်ပြောပြတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မထက်ထက်၊ ကိုဝေလင်းယုတို့ကို စစ်ကြောရေးစခန်းမှ အင်းစိန်ထောင်သို့ပို့ခဲ့သည်ဟု သိရသည်။

သူတို့နှစ်ဦးကို အနိမ့်ဆုံး ထောင်ဒဏ် ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု သိရကြောင်း  မထက်ထက်၏ မိသားစုနှင့် နီစပ်သော အဆိုပါ သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

သင်္ဃန်းကျွန်းပိုစ့်သတင်းဌာန၏ အွန်လိုင်းစာမျက်နှာတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ဆန္ဒပြမှုသတင်းများ စက်တင်ဘာလဆန်းပိုင်းအထိ ဖော်ပြခဲ့သည်ကို တွေ့ရသည်။

မဲပေးသူအမည်စာရင်း အားနည်းချက်ရှိသည်ဟု အကြောင်းပြပြီး ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း သတင်းသမား တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပြီးဖြစ်သည်။

၎င်းတို့ထဲမှ အများအပြားသည် အောက်တိုဘာလနှောင်းပိုင်း အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ပြန်လွတ်လာသည်။

တစ်ပြိုင်တည်းမှာပင် ဆက်လက် ဖမ်းဆီးခံထားရသည့် သတင်းသမားများထဲမှ တချို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်ခံလိုက်ရသည်။

မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနတွင် သတင်းထောက်ချုပ်တာဝန်ယူခဲ့သူ ကိုဝင်းနိုင်ဦး၊ ရပ်နားထားသည့် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ၂၅ နှစ်အရွယ် ကိုဒီမြတ်ငြိမ်း၊ အသက် ၃၀ အရွယ် ကိုပြည့်ဖြိုးအောင်တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ  ပုဒ်မ ၅၂ (က)နှင့် စွဲဆိုခံထားရသည်ဟု ရှေ့နေများက ပြောသည်။

ထောင် ၃ နှစ်အထိ ချမှတ်နိုင်သော ထိုပုဒ်မကို  အာဏာသိမ်းစစ်ဗိုလ်ချုပ်များက  ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ဗိုလ်ချုပ်ကြီးများက အပြောင်းအလဲလုပ်ခဲ့သည်။  ဥပဒေကျွမ်းကျင်သူများက ထိုအပြောင်းအလဲသည် ပြည်သူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လိုသောကြောင့်ဖြစ်သည်ဟု ယူဆကြသည်။

သတင်းမီဒီယာသမားများကို ပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက်ပုဒ်မများဖြင့်ပါ တရားစွဲဆိုခြင်းသည် ဖမ်းထားသည့်သတင်းသမားများကို ဆက်လက် ထိန်းသိမ်းထားလိုသောကြောင့်ဖြစ်နိုင်ကြောင်း သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်သည်။

“ဒီဟာကတော့ မီဒီယာကို ထပ်ပြီးတော့ ဖိအားနောက်တစ်ဆင့် ထပ်ပေးတဲ့သဘောလို့မြင်တယ်၊ မီဒီယာသမားတွေကို ၅၀၅-ကနဲ့တင် မဟုတ်ဘဲနဲ့ နောက်ထပ် တချို့သောအခြေအနေတွေမှာ လွှတ်ပေးတဲ့အခြေအနေတွေမှာ မပါနိုင်ဘူးပေါ့” ဟု ပြောသည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန် ရုံးထုတ်ကို သတင်းယူနေသော မဇ္ဈိမအယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်သည် မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခံထားရသည်။

သတင်းသမား ကိုသန်းထိုက်အောင်သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သူ၏ လူမှုကွန်ရက်ပေါ်တွင် လက်သုံးချောင်းထောင်ထားသည့် ပုံနှင့်တကွ စာရေးကာပို့စ်တင်ခဲ့ခြင်း၊ ဝန်ထမ်းများ အာဏာဖီဆန်ကြရန် လှုံ့ဆော်ခြင်းများကြောင့် ဟုဆိုကာ အာဏာပိုင်များက ပုဒ်မ ၅၀၅ – ကဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ကိုသန်းထိုက်အောင်သည် ထိန်းသိမ်းခံရသူ အများစုနည်းတူ စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည်ဟု ထောင်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရသည်။

ပုဒ်မ ၅၀၅ -က ဖြင့် အမှုရင်ဆိုင်ကာ ဖမ်းဆီးခံရသူ ပြစ်ဒဏ်ကျခံရသူ သတင်းသမားများကို စစ်အုပ်စုက လွှတ်ပေးခဲ့သော်လည်း ကိုသန်းထိုက်အောင်ပါဝင်ခဲ့ခြင်းမရှိဘဲ နေပြည်တော်အချုပ်ထောင်တွင်သာ ချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ရပ်ဝေးတွင်နေထိုင်သော မိဘများက အသက်ခြောက်ဆယ်ကျော်အရွယ်များ ဖြစ်ကြပြီး ဝင်ငွေအရနည်းသည့် အဝတ်လျှော်သည့် လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကုန်ကျစရိတ်ကြီးလွန်းလှသော်လည်း နေပြည်တော်သို့ တစ်ကြိမ်လာရောက်ကာ ရုံးချိန်းတွင် တွေ့ဆုံခွင့်ရခဲ့သည်။

၎င်းတို့၏ တစ်ဦးတည်းသောသားကို နောက်တစ်ကြိမ် ရုံးထွက်ရက်တွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေသော်လည်း အာဏာပိုင်များက အွန်လိုင်းရုပ်သံစနစ်ဖြင့် ရုံးထုတ်စစ်ဆေးသည်ဟု ကိုသန်းထိုက်အောင်၏ ဖခင်ဖြစ်သူထံမှ သိရသည်။

“ကျွန်တော့်သားလေးက အခုထိ အသက်ရှင်လျက်ရှိတယ်ဗျာ၊ တိုင်းပြည်မှာ လူတွေအများကြီး သေနေကြတယ်။ ကျွန်တော်တို့ဖြေသိမ့်နိုင်တယ်။ လူတွေ ထောင်နဲ့သောင်းနဲ့ချီပြီး သေနေကြတယ်။ ကျွန်တော့်သားလေး အသက်ရှင်နေသေးတယ်” ဟု ကိုသန်းထိုက်အောင်၏ အဖေက ပြောသည်။

“ကျွန်တော့သားလေးက အမှန်တရားကိုလုပ်တယ်။ မှန်တဲ့ဒဏ်ကို ခံတယ်။ အဲတော့ မှန်တဲ့တစ်နေ့ ပြန်ထွက်လာလိမ့်မယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီတွင် ရုပ်သံသတင်းထောက်အဖြစ် တာဝန်ယူခဲ့ဖူးသူ လွေးအမ်ဖောင်သည် စက်တင်ဘာ ၂၆ တွင် ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅ – ကနှင့် အမှုဖွင့်ခံထားရသည်။    မေလအတွင်းကလည်း စစ်အုပ်စုက ရွှေဖီမြေသတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက mizzima,7 Day,Myanmar Now, DVB နှင့် Yangon Khit Thit  စသည့်သတင်းဌာန ၅ ခုကို တရားမဝင်ဟုဆိုကာ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသောသတင်းသမားများထဲတွင် အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခံခဲ့ရသူမှာ အမေရိကန်သတင်းသမား ဒန်နီဖန်စတာ ဖြစ်သည်။

မျှမျှတတ စစ်ဆေးခြင်း မရှိဘဲ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင်း သတင်းသမားများ အတိဒုက္ခရောက်နေသည့် အခြေအနေကို ဖော်ညွှန်းပြသခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး မစ်ရှဲလ် ဘတ်ချလတ်က ပြောလိုက်ပြီး သတင်းသမားများအားလုံးကို ပြန်လွှတ်ရန် နို၀င်ဘာ ၁၂ တွင် တောင်းဆိုလိုက်သည်။

ဒန်နီဖန်းစတာကို  အမိန့်ချပြီး သုံးရက်အတွင်း ဗိုလ်ချုပ်ကြီးများက  ပြန်လွှတ်ပေးခဲ့သည်။

ဂျပန်သတင်းသမား ယူခိခီတဇုမိ၊ အမေရိကန်နိုင်ငံသားခံယူထားသူ သတင်းသမား ကိုနေသန်မောင်တို့ကို စစ်ကောင်စီက လွှတ်ပေးခဲ့သည်။

Myanmar Now News