၆ လကြာ ဖမ်းဆီးထိမ်းသိမ်းခံရပြီးနောက် အမေရိကန်သတင်းစာဆရာ Danny Fenster သည် ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် US သံတမန်ဟောင်း Bill Richardson ၏ အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ပြည်လည်လွတ်မြောက်သည့် နေ့မတိုင်မီ နို၀င်ဘာလ ၁၂ ရက်နေ့တွင် ၎င်းကို ပြည်နှင်ဒဏ် ပေးခဲ့သည့် စစ်ကောင်စီမှ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။ Danny Fenster အလုပ်လုပ်သည့် Frontier Myanmar သတင်းဌာနမှ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အမှုအပေါ် အခြေအမြစ်မရှိ၊ ​တရားမျှတမှုမရှိဘဲ ဥပဒေအောက်တွင် ပြင်းထန်လွန်းကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထောင်တွင်းတရားရုံးတွင် လအတန်ကြာ စစ်ဆေးပြီးနောက် အစကတည်းမှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုသင့်သော သတင်းသမားများနှင့် နိုင်ငံရေးအကျဥ်းသားကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လာပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။

Danny သည် မေလ ၂၄ ရက် မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် မြန်မာသတင်းမီဒီယာဌာန ဖြစ်သော Myanmar Now တွင် ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း စွပ်စွဲမှုဖြင့် လေဆိပ်တွင် လုံခြုံရေးတပ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဖမ်းဆီးခံရခြင်းနှင့် နောက်ဆက်တွဲလွတ်မြောက်လာခြင်းတို့သည် အာဏာသိမ်းစစ်တပ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားကြောင်း မီးမောင်းထိုးပြနေသည်။ မြန်မာနိုင်ငံတွင် ဒါဇင်နှင့်ချီ အကျဉ်းကျနေဆဲဖြစ်သော သတင်းသမားများလွတ်မြောက်ရေးအတွက် တက်နိုင်သလောက် လုပ်ဆောင်သွားမည်ဟု Danny  မှ ပြောကြားခဲ့သည်။ သတင်းသမားများသည် ပြင်းထန်သောစွဲချက်များရင်ဆိုင်နေရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနိုင်သည့် အမှုကိုရင်ဆိုင်နေရသည်။

Danny ပြန်လည်လွတ်မြောက်လာသည့်သတင်းကို တခဲနက်ကြိုဆိုကြသော်လည်း မြန်မာသတင်းမီဒီယာများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် မတရား ဖမ်းဆီးချုပ်နှောင် ခံထားရသော အရပ်သားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် နှင့် ပြန်လည်လွတ်မြောက်ရန်အတွက် ၎င်းတို့ကိုယ်စား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်လည်း အရေးကြီးသည်။

အာဏာသိမ်းစစ်တပ်သည် မြန်မာပြည်တစ်၀ှမ်းရှိ သတင်းမီဒီယာအပေါ် အတင်းအကျပ် ဖိနှိပ်ရန် သိသာထင်ရှားသော လုပ်ရပ်များကို လုပ်ဆောင်နေပြီး လွတ်လပ်သော သတင်းမီဒီယာ လောကကို လုံးလုံးလျားလျား ချေမှုန်းပစ်ရန် လုပ်ဆောင်နေသည်။ ဖေဖော်၀ါရီလကတည်းမှ စတင်၍ သတင်းမီဒီယာများအား “အာဏာသိမ်းအစိုးရ”ဟု သုံးနှုန်းခြင်းမပြုရန် သတိပေးခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို မှတ်တမ်းတင် သတင်းရယူမှုကြောင့် သတင်းထောက်များစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒါဇင်နှင့်ချီ ထွက်ပြေး ပုန်းရှောင်နေခဲ့ရသည်။ အများစုသည် ဖမ်း၀ရမ်းစာရင်းထဲတွင် ကျန်နေဆဲဖြစ်ပြီး ၎င်းတို့၏ မိသားစု၀င်များသည် ဓားစာခံအဖြစ် ပစ်မှတ်ထားခံရကာ ဖမ်းဆီးခံနေရသည်။ စိုးရိမ်စရာအခြေအနေနှင့် သိသိသာသာ ဆိုး၀ါးစွာ ကျဆင်းနေသည့် မြန်မာ့သတင်း လွတ်လပ်ခွင့်အခြေအနေသည်  တစ်ကမ္ဘာလုံး အတိုင်းအတာအရ  ကမ္ဘာပေါ်တွင် အဆိုးဆုံး ဖြစ်နေသည်။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာများအပေါ်  ဖိနှိပ်မှုကို ရပ်တန့်ရန်နှင့် မတရား အကျဥ်းချခံထားရသော သတင်းထောက်များ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်။​ ဒီမိုကရေစီ အသိုင်းအ၀ိုင်းတိုင်းအတွက် အမှတ်အသားဖြစ်သော သတင်းလွတ်လပ်ခွင့်ကို အကြမ်းဖက် စစ်ကောင်စီမှ အကျိုးမရှိအောင် အကြမ်းဖက်လုပ်ဆောင်နေပြီး တားမြစ်ပိတ်ပင်မှုများကို အလေးထား ဖိနှိပ်လုပ်ဆောင်နေသည်။​ စစ်ကောင်စီ လျှောက်လှမ်းခဲ့သည့် အန္တရာယ်ရှိသော လမ်းစဥ်ကိုပြောင်းပြန်လှန်ရန် လိုအပ်သည်။ ထိုသို့မလုပ်ပါက သတင်းမီဒီယာ၏ တန်ဖိုးသည် ယုတ်လျော့ကျဆင်းသည်သာမက သတင်းထောက်များ အတွက်လည်း ပို၍ အန္တရာယ်ရှိပေသည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ထိန်းချုပ်ခံနေရသော ကျွမ်းကျင် အတက်ပညာရှင်တို့၏ အရည်အချင်း နှင့် ဂုဏ်သိက္ခာ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ရန် လိုအပ်သည်။

တိုင်းရင်းသားဒေသများရှိပဋိပက္ခများ

ချင်းပြည်နယ်

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်စီးနင်းစဥ် အမျိုးသမီးနှစ်ဦးကို  အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုများရှိနေသည်။ အဓမ္မပြုကျင့်ခံခဲ့ရသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး၏ ခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ကာ သူမ၏ ခင်ပွန်းရှေ့တွင် အဓ္ဓမပြုကျင်ခဲ့ကြောင်း ဒေသခံများမှ သိရှိရသည်။ သူမသည် မကြာသေးမီကပင် ကလေးမွေးဖွားထားသူတစ်ဦးဖြစ်သည်။ သူမ၏ ကိုယ်၀န်ဆောင် ယောင်းမ သည်လည်း ထိုညတွင်ပင် အဓ္ဓမပြုကျင်ခံခဲ့ရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့CHRO မှ ဒါရိုက်တာ သင်းယုမွန်မှ အဆိုပါဖြစ်ရပ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး အလွန်တရာမှ လူမဆန်ကြောင်း မှတ်ချက်ပြုခဲ့သည်။

စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတိုးလာခြင်းနှင့် စစ်အင်အားတိုးချဲ့လာခြင်းသည် အရပ်သားများအတွက် အန္တရာယ်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း  ယန်ဟီးလီ မှ ချင်းပြည်တယ်တွင် အ

စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတိုးလာခြင်းနှင့် စစ်အင်အားတိုးချဲ့လာခြင်းသည် အရပ်သားများအတွက် အန္တရာယ်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း  ယန်ဟီးလီမှ မြန်မာပြည်၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍  “ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်မှ စပါးများကိုလုယူခြင်း၊ လယ်ယာများနှင့် အိမ်မွေးတရိစ္ဆာန်များကို ဖျက်ဆီးသတ်ဖြတ်ခြင်းဖြင့် ဒေသခံများကို အစာရေစာငတ်မွတ် ခေါင်းပါးရန် လုပ်ဆောင်နေသည်။​ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တဝှမ်းမှ ပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေပါသည်ဟု ပြောဆိုခဲ့သည်။”

ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဒေသခံ အရပ်သားများ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဆိုအရ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ တပ်သား ၃၂ ဦး ကျဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။ လာမည့် ခြောက်သွေ့ရာသီကို အခွင့်ကောင်းယူကာ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ပို့ဆောင်ရန် စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲများ တိုးလာရခြင်းဖြစ်သည်ဟု KNU မှ သတင်းထုတ်ပြန်ခဲ့သည်။

နို၀င်ဘာလ ၁၁ ရက်နေ့ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မာထောကျေးရွာတွင် အခြေစိုက်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၄၀၆) နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်  (KNLA) တပ်ဖွဲ့ကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်ထားသည်။​

ရှမ်းပြည်နယ်

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ ကျေးရွာတစ်ရွာတွင် နေအိမ် သုံးဒါဇင်ကျော်ကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်။ နေအိမ်အများအပြားကို စစ်ကောင်စီတပ်မှ​ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူမှ ပြောကြားခဲ့သည်။ အိုးအိမ်များ မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်တပ်မှ ထိုဒေသတွင် စခန်းချသောကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နေအိမ်များအပြင် ဘုရားကျောင်းတစ်ကျောင်းသည်လည်း လက်နက်ကြီးကြောင့် ပျက်ဆီးခဲ့သည်။

Fortify Rights မှ ထုတ်ပြန်သော “Access Denied” အစီရင်ခံစာအသစ်တွင် ကယားပြည်နယ်တွင် အသက်ကယ်ဆယ်ပေးရေး အကူအညီများ ပိတ်ပင်ခြင်း အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားသည်။

အစီရင်ခံစာပါ မှတ်တမ်းများအရ  ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဝင်ရောက်စီးနင်းခြင်းနှင့် ကျေးရွာများကို မီးလောင်ပျက်ဆီးစေခြင်း စသည့်ချိုးဖောက်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာခဲ့သည်။ စစ်ဘေးရှောင်များကို ကူညီနေသော စေတနာ့၀န်ထမ်းများ ပစ်မှတ်ထားခံနေရပြီး  မတရားဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေသည်။​