ချင်းပြည်နယ် မတူပီမြို့နယ်က တောတောင်ထဲမှာ ပုန်းရှောင်နေကြတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး တော်တော်များများ ကိုဗစ်ရောဂါလက္ခဏာတွေ ပြနေပေမဲ့ စစ်ဆေးနိုင်ခြင်း မရှိကြပါဘူး။ ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည်တွေထဲက ဖျားနာနေသူ ၄၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဆေးဝါးနဲ့ အစားအသောက် အလွန်အမင်း လိုအပ်နေတဲ့ ဒုက္ခသည်တွေ ဖျားနာနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တဲ့ နေရာတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် တောတောင်ထဲ ထွက်ပြေးနေကြရတဲ့ မတူပီမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တော်တော်များများ ဖျားနာနေကြပါတယ်။ မတူပီမြို့နယ် ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၄၀၀ လောက် ဖျားနာချောင်းဆိုးနေကြပြီး တချို့မှာ ကိုဗစ်ရောဂါလက္ခတွေပြနေပေမဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ စစ်ပြေးဒုက္ခသည်တစ်ဦးက VOA ကို ပြောပါတယ်။
“ရမ်တိန်အုပ်စုမှာက လူဦးရေက ဟိုဟာ ၇၀၀ ကျော်ထဲမှာ ၄၀၀ နီးနီးလေးပေါ့နော်၊ ၄၀၀ လောက်ပေါ့ နေမကောင်းသူလေ။ ရာသီတုပ်ကွေးဖြစ်တဲ့သူ နှာစေး ချောင်းဆိုးဖြစ်တဲ့သူတွေ ရှိတယ်။ တယောက်နဲ့ တယောက်ကူးတာပဲဖြစ်မယ်။ ကျနော်တို့က အတူတူစား၊ အတူတူသောက်၊ အတူတူအိပ်ဆိုတော့လေး တယောက်နဲ့ တယောက်ကူးစက်တာပဲ ဖြစ်မှာ။ ရမ်တိန်မှာ။ တနေရာမှာဆိုရင် အနံ့ မရတဲ့သူတွေလည်း ရှိတယ်။ ကိုဗစ်ဖြစ်နိုင်တဲ့ အခြေအနေ။ စစ်ဆေးဖို့က ကိရိယာတွေ ကျနော်တို့မှာ မရှိဘူး။”
ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-မင်းတပ် လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေအပေါ် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရမ်တိန်ရွာ၊ ခြန်ပြန်းကရွာ၊ ခြန်ပြန်းခရွာ စတဲ့ ကျေးရွာတွေ ရွာလုံးကြွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
နိုဝင်ဘာ ပထမပတ်လောက်က ခြန်ပြန်းကျေးရွာ ကျေးရွာအုပ်စုက အဖျားပြင်းတဲ့ စစ်ဘေးရှောင် အသက်ကြီးပိုင်း အမျိုးသားတဦးကို မတူပီဆေးရုံကြီးကို ပို့တော့မှ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိတယ်လို့ ခြန်ပြန်းက ကျေးရွာအုပ်စုက ဒေသခံတဦးက ပြောပြပါတယ်။
ခြန်ပြန်းကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၅၀၀ လောက်ရှိပါတယ်။ အဲ့ဒီထဲက သုံးပုံ နှစ်ပုံလောက်ဟာ ဖျားနာ ချောင်းဆိုးနေကြပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ် စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ အခုလို ပြောပါတယ်။
“ရာသီတုပ်ကွေးဖြစ်တာပဲ ရှိတယ်။ ဟိုတခေါက်တုန်းက ရွာက အဖိုးကြီးတယောက် ဒီမှာစစ်ဘေးရှောင်ရင်းနဲ့ ဖျားတယ်။ ဖျားပြီးတော့ ကျနော်တို့ တောလမ်းကနေ မြို့ပေါ်ကို ပေါ့နော်၊ ဆေးရုံကို ပို့ကြတယ်။ အဲ့ဒါ ဆေးရုံတင်တဲ့အချိန်မှာ သူတို့က ဆေးရုံမှာ စစ်လိုက်တော့ ကိုဗစ်ရောဂါရှိတယ်ဆိုပြီးမှာ အဲ့ဒါ ကိုဗစ်တွေလည်း ဖြစ်နေတယ်ထင်တယ်။ အဲ့ဒါကျနော်တို့ကလည်း မစစ်နိုင်တဲ့ တောထဲမှာ မစစ်နိုင်တဲ့အခါကျတော့ ကျနော်တို့ကိုဗစ်ဖြစ်လည်း ကျနော်တို့က မသိဘူး။ အဲ့လိုပဲ ဆေးရှိတဲ့ဟာ မရှိတဲ့ဟာ ဆေးတွေလေ။ အဲ့လိုမျိုးတွေ ကုပြီးတော့ နေနေကြတာဆိုတော့ အခုက ကိုဗစ်ဖြစ်မှန်းကို ကျနော်တို့ မသိရဘူး။”
စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးလည်း ဖျားနာ၊ ချောင်းဆိုးပြီး တကိုယ်လုံးကိုက်ခဲ နာကျင်တယ်လို့ ပြောပါတယ်။ လသားအရွယ် ကလေးငယ်တွေလည်း အသက်ရှူကြပ်ပြီး ဖျားနာနေကြတယ်လို့ ပြောပါတယ်။
“ရာသီတုပ်ကွေးက ချောင်းဆိုးတယ်၊ နှာချေတယ်။ ပြီးတော့ ဘယ်လိုလဲ အန်လည်းအန်ချင်တယ်။ တကိုယ်လုံးကိုက်ခဲတယ်။ ဟို အဆစ်တွေ အကုန်လုံး နာတယ်။ ကိုယ်ဝန်သည်ဆိုတော့နော် ယောင်လည်း ယောင်တယ်ပေါ့။ ကိုယ်ဝန်သည်ဆိုတော့နော် တအား အားပြတ်တယ်။ စစ်ရှောင်ဆိုတော့ အဟာရတွေလည်း မရှိ။ အဟာရဆိုတာ ထန်လျက်ခဲတောင်မှ လုံးလုံး မစာနိုင်တော့ဘူး။ လက်ရှိ ကျမရဲ့ ဘေးပတ်ဝန်းကျင်မှာလေး ညီမတွေ ကိုယ့်အစ်ကိုတွေ အစ်မတွေရဲ့ ကလေးတွေ တစ်လအောက် တွေ ရှိတယ်။ သုံးလအောက်တွေ ရှိတယ်။ အဲ့ဒါ နှာစီးလို့ အသက်မရှူနိုင်တဲ့ ကလေးတွေ အများကြီးရှိတယ်။ လေး၊ ငါး ယောက် လောက်ရှိတယ်။”
ဖျားနာ နေမကောင်းတဲ့ သူတွေအတွက် တောတောင်ထဲမှာ ကျန်းမာရေးကုသမှု၊ ဆေးဝါးနဲ့ အစာအဟာရ ရရှိမှု အတော်ခက်ခဲရှားပါးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ဗွီအိုအေ ကို ပြောပါတယ်။ သူနာပြုဆရာဝန်တွေ၊ ဒေသခံ ဆေးအကြောင်း နားလည်တဲ့သူတွေဆီက အကူအညီတောင်းခံပြီး အဆင်ပြေသလို ကုသနေရတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ်မှာ ဆောင်းတွင်းကာလ ရာသီဥတုအေးတဲ့အတွက် အနွေးထည်၊ စောင်တွေ လိုအပ်သလို ဆေးဝါးနဲ့ အစားအသောက်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ပြောကြပါတယ်။