အမေရိကန် သတင်းစာဆရာ ကို လွှတ်လိုက်ပေမဲ့ မြန်မာ သတင်းစာဆရာ ၄၀ ဝန်းကျင် ကတော့ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒီ အပေါ် မှာ မြန်မာ သတင်းစာဆရာတွေ က ဘယ်လို မြင်ပါသလဲ။ အာဏာ မသိမ်းမီ က မီဒီယာ ကောင်စီ ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးမြင့်ကျော် ကို ဦးတင်မောင်သန်း က မေးမြန်းထားပါတယ်။
ဦးတင်မောင်သန်း။ ။ အမေရိကန်သတင်းသမား လွတ်မြောက်သွားပြီဆိုတော့ ဒါနဲ့ ပတ်သက်လို့ ကိုမြင့်ကျော် ဘယ်လိုများ ပြောချင်ပါသလဲ ခင်ဗျ။
ဦးမြင့်ကျော်။ ။ ဟုတ်ကဲ့။ သူလွတ်မြောက်သွားတာ ကျနော်တို့ ဝမ်းသာတယ်။ နဂိုကတည်းက ဒီလိုအဖမ်းခံရဖို့၊ ပြစ်ဒဏ်ချမှတ်ခံရဖို့ မသင့်ဘူး။ ဒီလိုချမှတ်ခံရတာတွေက မီဒီယာလွတ်လပ်ခွင့်ရော၊ ကျန်တဲ့သတင်းသမားတွေအပေါ်မှာရော ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်။ ဒီလိုမျိုး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတယ်ဆိုတဲ့ အစဉ်အလာမျိုးတွေသာ သတင်းလွတ်လပ်ခွင့် ရော၊ ကျန်တဲ့ သတင်းသမားတွေအပေါ်မှာ သက်ရောက်မှု မကောင်းဘူး။ အခုလို အမေရိကန်နိုင်ငံသားအနေနဲ့ လွတ်မြောက်တာ၊ သတင်းသမားအနေနဲ့ လွတ်မြောက်တာ ကျနော်တို့ ဝမ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ မြန်မာသတင်းသမားတွေလည်း သတင်းအလုပ်ကို လုပ်ပြီးတော့ ထောင်ထဲမှာ ဖမ်းခံနေရတဲ့၊ တရားစွဲခံနေရတဲ့၊ ပြစ်ဒဏ်ကျခံနေရတဲ့ လူတွေအတွက်လည်း လွတ်မြောက်သင့်တယ်လို့ ကျနော်တို့တော့ ထင်ပါတယ်။
ဦးတင်မောင်သန်း။ ။ စုစုပေါင်း မြန်မာသတင်းသမား ဘယ်နှစ်ယောက်လောက်များ အဖမ်းအဆီးခံနေရလဲ။
ဦးမြင့်ကျော်။ ။ အခုလက်ရှိ အထဲမှာ ကျန်နေတာက မှတ်သားထားတဲ့ စာရင်းအရ (၃၇)ယောက်၊ (၃၈)ယောက်ရှိပါတယ်။
ဦးတင်မောင်သန်း။ ။ များသောအားဖြင့် ဘယ်လိုစွဲချက်တွေနဲ့ အမှုတင်ခံရတာများလဲ ခင်ဗျ။
ဦးမြင့်ကျော်။ ။ အများဆုံးကတော့ ၅၀၅-က ပေါ့။ ဒီအသစ်ပြဌာန်းတဲ့ ဥပဒေ။ သတင်းမှား ထုတ်လွှင့်တယ်တို့၊ တပ်မတော်ကို အထင်အမြင်မှားအောင်၊ နောက်တခု နိုင်ငံ့ဝန်ထမ်းတွေ CDM လုပ်အောင် သွေးဆောင်တယ်တို့၊ ဒီပုဒ်မနဲ့ စွဲဆိုတဲ့ ၅၀၅-က အများစု၊ ဒါပေမဲ့ နောက်ပိုင်း သတင်းသမားတွေမှာတော့ ၁၇ (၁) လိုမျိုး ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ဟာမျိုးရှိလာသလို၊ နောက်တခုက အကြမ်းဖက် ပုဒ်မတို့၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပုဒ်မတို့၊ အဲဒါတွေနဲ့ စွဲခံရတဲ့ လူအနည်းငယ်လည်းရှိတယ်။
ဦးတင်မောင်သန်း။ ။ မကြာခဏဆိုသလိုပဲ သတင်းသမားတွေကို တရားစွဲဆိုတဲ့အခါမှာ ဆူပူလှုံဆော်မှုပြုတယ်လို့ ပြောပါတယ်။ အဲတော့ သတင်းရေးသားခြင်းနဲ့ ဆူပူလှုံဆော်မှု ကွဲပြားခြားနာပုံ ဘယ်လိုများရှိလဲ။
ဦးမြင့်ကျော်။ ။ စစ်ကောင်စီဘက်က သူတို့က ယူဆတာက ဒီဆန္ဒပြတဲ့ကိစ္စတွေကို သတင်းဖေါ်ပြတဲ့ဟာကလည်း ဆူပူလှုံဆော်မှုကို အားပေးတယ်။ လှုံဆော်တယ်လို့ သူတို့က ယူဆတယ်။ တကယ်တမ်းကြတော့ နိုင်ငံရေးပြဿနာက ဒီလိုဟာမျိုးတွေဖြစ်နေတဲ့ဟာကို ဖေါ်ပြတဲအခါမှာ သတင်းမီဒီယာက လှုံဆော်တာမဟုတ်ဘူး။ အဖြစ်အပျက်ဘက်က ဖြစ်နေတာ။ သို့သော်လည်း ဒီလိုအဖြစ်အပျက်မျိုးတွေ မဖေါ်ပြရဲအောင်၊ လက်ရှောင်အောင်လို့ ဖိအားပေးတယ်လို့ ကျနော်က ယူဆပါတယ်။
ဦးတင်မောင်သန်း။ ။ အခုလို Danny Fenster ကို လွှတ်လိုက်တဲ့အခါမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေ စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ ဆိုတော့ အမေရိကန်သတင်းသမားက ပဲ လူသားဖြစ်ပြီး မြန်မာ သတင်းသမားတွေက လူသားမဖြစ်ဘူးလို့ များ ဆိုလိုသလို ဖြစ်မသွားဘူးလား။
ဦးမြင့်ကျော်။ ။ မှန်ပါတယ်။ တကယ်တမ်း သတင်းစာဆရာ အားလုံး ကိုယ်သတင်းအလုပ် ကိုယ်လုပ်တဲ့ဟာတွေကို တရားစွဲတာ ဖမ်းဆီးတာ ထောင်ချတာ၊ ပြစ်ဒဏ်ပေးတာတို့ လုပ်တာဟာ သင့်လျော်တဲ့ကိစ္စမဟုတ်ဘူး။ ဒီဟာက တိုင်းပြည်ရဲ့အနာဂတ်အတွက်ရော၊ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ လူနေမှုအသိုင်းအဝိုင်းအတွက်ရော အားလုံးအတွက် မကောင်းတဲ့ အကျိုးဆက်ကို ဖြစ်စေမှာပါ။ တကယ်တမ်းကျတော့ သတင်းဖေါ်ပြမှုတခုက ပြစ်မှုနဲ့ မညီဘူးလို့ ယူဆတယ်ဆိုရင် ကျနော်တို့ တလျောက်လုံးပြောခဲ့သလိုပဲ complaint mechanism ဟာမျိုးပဲ သုံးရမယ်။ ဘယ်အချက်အလက်က သတင်းကျင့်ဝတ်နဲ့ မညီဘူးဆိုတဲ့ဟာနဲ့ တိုင်ကြားတာမျိုး၊ ဒီစနစ်မျိုးကိုပဲ သုံးသင့်ပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီယန္တရားတွေ၊ ဒီစနစ်တွေက အသုံးချမခံရတော့ပဲ၊ ပျက်ပြားသွားပြီးတော့၊ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိတော့ပဲနဲ့ အခုလိုမျိုး ဖမ်းဆီး ထောင်ချခံရတဲ့နည်းနဲ့ မီဒီယာကို နှုတ်ဆိတ်အောင်လုပ်တဲ့နည်းဖြစ်လာတာပါ။