ဧရာဝတီမြစ်ကမ်းဘေးရှိ ဟင်္သာမကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အနီးကပ်လုပ်ကြံခံရပြီးနောက် စစ်သားများ ရောက်ရှိလာကာ နေအိမ်လေးလုံးကို ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများအပါအဝင် ဆန်၊ ဆီ၊ စက်သုံးဆီနှင့် ဈေးဆိုင်တစ်ခုမှ ရောင်းရငွေများနှင့် မော်တော်တစ်စင်းကိုပါ ယူဆောင်သွားသည်ဟု ဆိုသည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံရသည့် ကျေးရွာကို စစ်သား ၅၀ ခန့်က ယနေ့ (နိုဝင်ဘာ ၈) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းကာ ဖျက်ဆီးလုယက်ခဲ့ကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်မောင်သန်း သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရပြီး ယနေ့တွင် စစ်သားများက နေအိမ်လေးလုံးအပါအဝင် ဈေးဆိုင်များနှင့် မော်တော်များကိုပါ ဖျက်ဆီးလုယက်ခဲ့သည်ဟု ဆိုသည်။

“အုပ်ကြီး(အသတ်ခံရသူ) ရဲ့ မိန်းမက ခေါ်လို့ နေ့လယ် ၁၁ လောက်မှာ စကစ (စစ်ကောင်စီ) တွေ မော်တော်တွေနဲ့ ရောက်လာတယ်။ ရောက်ရောက်ချင်း လူလေးဦးကို ဖမ်းပြီး ရှေ့ကပြေးခိုင်း၊ နောက်ကနေမှ ဆိုင်ကယ်တွေနဲ့ သွားကြတယ်။ ပြီးတော့မှ အုပ်ကြီးမိန်းမက သူတို့နဲ့အဆင်မပြေတဲ့ အိမ်တွေကို လက်ညှိုးထိုးပြတယ်၊ ပြတဲ့အိမ်တွေကို လိုက်ဖျက်တာ” ဟု ဟင်္သာမကျေးရွာသူတစ်ဦးက Myanmar Now ကို ပြောသည်။

နေအိမ်လေးလုံးကို ဖျက်ဆီးစဉ် ဆိုင်ကယ်နှင့် ပရိဘောဂပစ္စည်းများအပါအဝင် တွေ့သမျှပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသည့်အပြင် တွေ့ရှိသမျှ တန်ဖိုးရှိပစ္စည်းများကိုပါ ယူဆောင်သွားကာ နေအိမ်တစ်လုံးမှာ မြေပေါ် ပုံကျသည်အထိ ပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။

စစ်သားများက နေအိမ်လေးလုံးကို ဖျက်ဆီးပြီးနောက် ရွာအတွင်းရှိ ဈေးဆိုင်တစ်ခုမှ ဆန်၊ ဆီနှင့် စက်သုံးဆီအပါအဝင် ဈေးရောင်းရငွေများကို ယူဆောင်သွားကာ ရွာမှ ပြန်အထွက်တွင် ဧရာဝတီမြစ်ဆိပ်ရှိ ရွာသားတစ်ဦးပိုင် မော်တော်တစ်စင်းကိုပါ ယူဆောင်သွားသည်ဟု ဆိုသည်။

ထို့ပြင် မြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် တံငါလုပ်ငန်းသုံးစက်လှေများမှ အင်ဂျင် ၉ လုံးကို ဖြုတ်ယူသွားကာ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် မော်တော်များ၊ စက်လှေများကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ဟင်္သာမကျေးရွာကို ဝင်ရောက်စီးနင်းသည့် စစ်တပ်က ထိုသို့ဖျက်ဆီးလုယက်ခြင်းနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ယမန်နေ့က အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရစဉ် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။

အိမ်ခြေ ၁၂၀၀ ခန့်ရှိ ဟင်္သာမကျေးရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်သူ အသတ်ခံရပြီးနောက် စစ်သားများ ရောက်လာမည်ကို စိုးရိမ်၍ ဒေသခံအများစုမှာ ယမန်နေ့တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယမန်နေ့ညပိုင်းတွင် ရွာသို့ပြန်လာခဲ့ကြသည်ဟု သိရသည်။

ထိုကျေးရွာတွင် ယခင်ကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက စစ်သားများ ခေါ်လာကာ ရွာအတွင်း မွှေနှောက်ဖျက်ဆီးမှုများရှိခဲ့ကြောင်း ဟင်္သာမရွာသားတစ်ဦးက ပြောသည်။

“စကစခန့် အုပ်ကြီးက သူ့အရင်က ရွာက ရွေးထားတဲ့အုပ်ကြီးအိမ်ကို စကစတပ်သားတွေခေါ်ပြီး ဖျက်ဆီးခိုင်းနေကျ၊ နွားကျွေးတဲ့စားကျင်းကအစ ဖျက်ဆီးခံရတာ။ ရွာကိုလည်း ဒုက္ခ ခဏခဏပေးနေကျ။ ရွာကလည်း ခဏခဏပြေးကြရတာ ၅ ခါလောက်ရှိပြီ” ဟု ၎င်းက ပြောသည်။

ယမန်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် ဦးခင်မောင်သန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာ အရွေးမခံခဲ့ရဘဲ စစ်ကောင်စီလက်ထက်ရောက်မှ အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည်ဟု ဆိုသည်။

Myanmar Now News