ချင်းပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမို ဆိုး၀ါးလာခြင်းကြောင့် ဒေသခံများ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးရကာ အစားအသောက်နှင့် ခိုလှုံစရာ အလုံအလောက်မရှိဘဲ နေထိုင်နေကြရသည်။​ ချင်းပြည်နယ်တွင် လက်နက်နှင် တပ်အင်အားအလုံးအရင်း ဖြည့်တင်းမှုကြောင့် အရပ်သားတို့၏ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေထိုင်ရေးကို ထိခိုက်ဆုံးရှုံးစေသည်။ ခရစ်ယာန်ဘာသာ၀င်အများစု နေထိုင်သည့် လူနည်းစု ချင်းပြည်နယ်တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ပစ်မှတ်ထားခံရကာ ၀တ်ပြုကိုးကွယ်ဆောင်များ အပါအ၀င် ဘုရားကျောင်းများ မီးရှို့ဖျက်ဆီး ခံနေရသည်။ နို၀င်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီကျူးလွန်နေသော ထိတ်လန့်ဖွယ်ကောင်းသည့် ချိုးဖောက်မှုများနှင့် စစ်ရာဇ၀တ်မှုမြောက်သော ချိုးဖောက်မှုများကို  တင်ပြကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို  လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်တို့မှ  တောင်းဆိုခဲ့သည်။

လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့၀င် များသည် အမိမြေကိုကာကွယ်ရန် ရပ်တည်ခဲ့ကြသည်။ ချင်းပြည်သူနှင့် နယ်မြေကိုကာကွယ်ရန် သတ္တိရှိရှိပြန်လည် ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီ၏ အဆင့်မြင့်လက်နက်များဖြင့် ရင်ဆိုင်တိုက်ခိုက်နေရသောကြောင့် အသေအပျောက်များရှိသော်လည်း ၎င်းတို့၏ ခုခံတော်လှန်ရေးကို မဟန့်တားနိုင်ပါ။  ND-Burma ၏ ဆက်စပ်အဖွဲ့၀င်အဖွဲ့စည်းဖြစ်သော ချင်းလူ့အခွင့်အရေအဖွဲ့ (CHRO) မှ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့်အခြေအနေများနှင့် ပတ်သက်၍ မှတ်တမ်းပြု ထုတ်ပြန်ပေးနေသည်။  အသက်အရွယ်မရွေး သတ်ဖြတ်ခြင်းနှင့် မသေရုံတမယ် ဒဏ်ရာများစွာဖြင့် အတောမသတ် ညှဉ်းပမ်းနှိပ်စက်ခံနေရသည်။ နို၀င်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်း မင်းတပ်မြို့ပစ်ခတ်မှုတွင် လက်နက်ကြီးကျည်ကြောင့် အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းဆရာတစ်ဦးသေဆုံးခဲ့သည်။ ပေါက်ကွဲမှုကြောင့် အခြား အရပ်သား ၃ ဦးသည်လည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဆိုး၀ါးလှသည့် ၉ လတာကာလအတွင်း အရပ်သားပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မတရားဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးစခန်းမှ လွတ်မြောက်လာသူ အနည်းစုသာ ၎င်းတို့ကြုံတွေ့ခဲ့ရသော တပ်မတော်၏ ရက်စက်ကြမ်းကြုတ်လှသည့် တရားလက်လွတ် စစ်ကြောရေး နည်းဗျူးဟာများကို ပြန်လည်ဖော်ထုတ်မျှ၀ေနိုင်ခဲ့သည်။ နည်းမျိုးစုံသောအကြမ်းဖက်မှုများဖြင့် ပြည်သူကိုထိန်းချုပ်သည့် လုပ်ရပ်သည် အာဏာသိမ်းစစ်တပ်မှ  တစ်ခုတည်းသော လုပ်ဆောင်နေကျ နည်းလမ်းဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအား အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် ဆက်လက်တောင်းဆိုနေကြသည်။ အာဏာသိမ်းစစ်ကောင်စီသည် အများပြည်သူတို့၏ ယုံကြည်လက်ခံမှု မရရှိသည်သာမက အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများကို ကာကွယ်ပေးရန် ပျက်ကွက်သည့်အပြင်  ထိလွယ်ခိုက်လွယ်သောပြည်သူများသာ တိုးလာနေသည်။

ထို့ကြောင့် မြေပြင်မှ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ပြည်သူလူထုများ တောင်းဆိုသည့် အသံကို နားစွင့်ရန် အရေးကြီးဆုံးဖြစ်သည်။

လူ့အခွင့်အရေးအဖွဲ့များသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည့် နေရာ၊ဖြစ်စဥ်များကို သက်သေအထောက်အထားနှင့်တကွ အစီရင်ခံစာများကို စဥ်ဆက်မပြတ် ထုတ်ပြန်လျက်ရှိသည်။ များပြားလှသော သက်သေအထောက်အထားများသည် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိစေရန် တွန်းအားဖြစ်စေခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်နေမှစ၍ ရခဲ့သောသင်ခန်းစာများအနက် အဆိုး၀ါးဆုံးမှာ  နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အရေးယူတုန့်ပြန်ဆောင်ရွက်မှု အလွန် နှေးကွေးခြင်းဖြစ်သည်။ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ပြည်သူလူထုကိုကာကွယ်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီမှ တာ၀န်ခံမှုရှိရန် တောင်းဆိုနေကြသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုများ များပြားလာနေသည်။ ဖမ်းဆီးခံထားရစဥ် သေဆုံးသည့်အရေအတွက် တိုးလာနေသောကြောင့် အရပ်သားတို့၏ ဘေးကင်းလုံခြုံရေးကို ထပ်မံခြိမ်းခြောက်နေသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့  CHRO ၏ အစီရင်ခံစာအရ နို၀င်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသူ (၇) ဦးတွင်  (၁) ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မေလအတွင်း ဟာခါးမြို့နယ်တွင် ဓားစာခံ အဖြစ်ဖမ်းဆီးခံခဲ့ရသည့် အရပ်သား (၂) ဦး သတ်ဖြတ်ခြင်းခံခဲ့ရသည်။

ထန်တလန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်း ပျက်ဆီးခဲ့သည်ကို အကြမ်းဖက်စစ်ကောင်စီဘက်မှ ငြင်းဆိုခဲ့ပြီး ဒေသခံများမှ မိမိတို့၏နေအိမ်ကို မီးရှို့ခြင်းသာဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထန်တလန်မြို့တိုက်ခိုက်ခံရမှုသည် ချင်းကာကွယ်ရေးတပ် CDF စခန်းများ လျော့နည်းစေရန်နှင့် အပြစ်မဲ့အရပ်သားများ စိတ်ဓါတ်ကျစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိသာထင်ရှားသည်။

ဆက်လက်ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများကြောင့် အမေရိကန်နှင့် ဆွီဒင် အပါ၀င် သံရုံးတော်တော်များများမှ အကြမ်းဖက်မှုများဖြစ်ပွားနေသောဒေသများအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ပြောဆိုချက်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ ကိုက်ညီရန် အရေးကြီးသည်။

 

ကယားပြည်နယ်

လူသားဒိုင်းအသုံးပြုခြင်းကို Geneva Conventions ၏ Protocol 1 မှ တားမြစ်ထားသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် နယ်မြေမကျွမ်းကျင်သောဒေသတွင် အရပ်သားများကို ပစ်မှတ်ထားကာ တိုက်ပွဲတွင် လူသားဒိုင်းအနေဖြင့်အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ကယားပြည်နယ်တွင် ဒေသခံများကို လူသားဒိုင်းအဖြစ် ၄ကြိမ် ထက်မနည်း အသုံးချခဲ့သည်။  ကျေးရွာများမှ မတရားဖမ်းဆီးခံရသောသူများ၏ နေရာအခြေအနေနှင့်ပတ်သက်သော မည်သည့်အချက်အလက်တစ်စုံတစ်ရာမှ  မိသားစုဝင်များ မကြားသိရပါ။

တပ်မ ၆၆၊ ၇၇ နှင့် ၈၈ တို့သည် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF မှ ပြောကြားခဲ့သည်။ ဒေသခံခုခခံကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တပ်သားတစ်ဦး မျက်မြင်တွေ့ရှိချက်အရ  စစ်ကောင်စီတပ်သည် ကရင်နီဒေသခံ ၁၉ ဦးအားဖမ်းဆီး၍ ရှေ့တွင် သွားခိုင်းကာ လူသားဒိုင်းအဖြစ် ခိုင်းစေခဲ့သည်။ တော်လှန်မှုတိုင်းသည် တရားမျှတမှုအတွက် ဦးတည်ကြောင်း သေချာစေရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ “ပြည်သူ့တော်လှန်ရေး အင်အားစုများအတွက် လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့သည်။

 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီမှ နေအိမ်များကို မီးရှို့မှုကြောင့် ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ကယားပြည်နယ်အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား ၃ နာရီကြာဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဒေသခံ အများစုသည် နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများတွင် ခိုလှုံနေရသည်။

ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေး၀ါးများ ပြတ်လပ်မှုကြောင့် အသက်ရှင်နေထိုင်ရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေကြရသည်။ အကူအညီအထောက်အပံ့ပြတ်လတ်မှုကြောင့် စစ်ဘေးရှောင်များသည် အနာဂတ်အတွက် မျှော်လင့်ချက်မဲ့ကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည်။ သျှမ်းသံတော်ဆင့် သတင်းဌာန၏ အဆိုအရ  ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့န​ယ်ရှိ မိုင်းတင်း၊ဗြိန်းခါး၊ နားမွန်း၊ နမ့်ဆော့၊  ကြူရှော၊မန်ခါ၊ မိုင်းငေါ့နှင့် ဟူးဆွန် စသည့်စစ်ဘေးရှောင်စခန်များတွင် စစ်ဘေးရှောင်သူ ၃၀၀၀ ကျော်ရှိနေကြောင်း သိရသည်။