လူစည်ကားရာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်မှုမှာ ပျူစောထီးဟု နာမည်ထွက်နေသူတစ်ဦး ရှင်းလင်းခံရသည့်အပေါ် လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ယူဆနေသည်

ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ယနေ့ (နိုဝင်ဘာ ၇) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ ကလေးငယ်နှစ်ဦးနှင့် ရဟန်းတစ်ပါး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။

နံနက် ၈ နာရီခန့်တွင် ထူးထိုက်စံအမည်ရ လက်ဖက်ရည်ဆိုင်သို့ မျက်နှာဖုံးစွပ် လူ ၅ ဦး ကားဖြင့် ရောက်လာပြီး ဆိုင်အတွင်းဝင်ရောက်ကာ အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သူ ဟိုပင်မြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ကားနဲ့ရောက်လာပြီးတော့ လူ လေးငါးယောက်လောက် ဆင်းလာတယ်။ မျက်နှာဖုံးတွေလည်း စွပ်ထားတယ်။ AK-47 (မောင်းပြန်ရိုင်ဖယ်) တွေလို့ထင်တယ်၊ အချက် ၅၀ လောက်ကို ပစ်သွားတာ။ ကျည်ဆန်တွေ မွစာကျဲနေတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး၊ ရဟန်းတစ်ပါးအပါအဝင် နေရာ၌ပင် သေဆုံးခဲ့သူ ၆ ဦး ရှိကာ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူ ၁၃ ဦးနှင့် လက်ဖက်ရည်ဆိုင်၏ မုန့်ဆရာ အမျိုးသားတစ်ဦး ထိမှန်ခဲ့သည်ဟုလည်း အထက်ပါ အမျိုးသားက ဆိုသည်။

ဒဏ်ရာရသူ ၈ ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသော်လည်း သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

လက်ဖက်ရည်ဆိုင်အတွင်း ထိုသို့ဝင်ရောက်ပစ်ခတ်မှုမှာ အောက်တိုဘာ ၂၉ ရက်က ပျူစောထီးအဖွဲ့ဝင်ဟု သတင်းထွက်နေသူ အသက် ၄၈ နှစ်အရွယ် ဦးထွန်းထွန်းဝင်းဆိုသူ လုပ်ကြံသတ်ဖြတ်ခံရသည့်အပေါ် စစ်တပ်ထောက်ခံသူ ပျူစောထီးများက လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်ဟု ဟိုပင်မြို့ခံများက ယူဆသည်။

“ဒီဟာကို လုပ်တာက ပျူစောထီးတွေပဲ၊ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့အဖွဲ့ထဲက သတင်းပေးဒလန်၊ ပျူစောထီးဆိုပြီး နာမည်ကြီးတဲ့သူ ရှင်းခံလိုက်ရတာကို မကျေနပ်လို့ လုပ်တယ်ပဲထင်တယ်” ဟု ဟိုပင်ဒေသခံ နောက်တစ်ဦးက ပြောသည်။

ဟိုပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ရှင်းလင်းခဲ့သည်ဆိုသော ကိုထွန်းထွန်းဝင်းဆိုသူမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟူသော ပြောဆိုမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ဖြစ်ပွားသည့် ထူးထိုက်စံလက်ဖက်ရည်ဆိုင် ပစ်ခတ်မှုမှာ ၎င်းတို့အဖွဲ့လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပျူစောထီးအဖွဲ့ဝင်များ၏ လက်ချက်ဖြစ်သည်ဟု KPDF (Hopin) က ထုတ်ပြန်ထားသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့အတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

“ဒီဆိုင်ကလေးက NLD အမာခံတွေ အမြဲထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ဖြစ်တယ်၊ ဆန္ဒပြစဉ်ကာလတွေတုန်းကလည်း ဆန္ဒပြခေါင်းဆောင်ပိုင်းက လူကြီးတွေ လာထိုင်နေကျ၊ ပညာတတ် လူကြီးလူကောင်းတွေ အမြဲထိုင်လေ့ရှိတဲ့ ဆိုင်လေးပါ၊ ဒါကြောင့်လည်း လုပ်တယ်လို့ မြင်တယ်” ဟု အထက်ပါ ဟိုပင်မြို့ခံ အမျိုးသားက ဆက်ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဒေသ တပ်မဟာ (၈) နယ်မြေအတွင်းရှိ ဟိုပင်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်းခဲ့ရာ မြို့နယ်တစ်ခုဖြစ်သည်။

Myanmar Now News