မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့တာ ဒီနေ့ဆိုရင် ကိုးလတိတိ ပြည့်ခဲ့ပါပြီ။
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ အရပ်သားအစိုးရ ကာလအတွင်း စည်ကားခဲ့တဲ့လမ်းမတွေ၊ ဈေးဝယ်စင်တာတွေ၊ အပန်းဖြေစခန်းတွေဟာ အန္တရာယ်ဇုန် တစ်ခုလိုဖြစ်လာပြီး အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်ခဲ့တဲ့ ကျေးလက်နေ ပြည်သူတွေဟာလည်း တိုက်ပွဲတွေအကြား အသက်လုထွက်ပြေး နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာပဲ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က နေအိမ် ၁၆၀ ကျော် မီးရှို့ခံခဲ့ ရပါတယ်။
ချင်းဒေသကာကွယ်ရေးတပ် (CDF) နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ထန်တလန်မှာ နေထိုင်သူမရှိတော့ဘဲ မြို့ပျက်ကြီး တစ်ခုလို ဖြစ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ထွက်ပြေးသွားတာ ရှောင်ရှားတာ၊ တချို့တွေကျ မီဇိုရမ်ရောက်သွားတာ၊ တချို့ ဟားခါး ပြောင်းကြတာ၊ တချို့ကျေးရွာပြောင်းကြတယ်။ ဒီအပြောင်းအလဲတွေ အများကြီးပဲ။ တချို့ကျေးရွာပြောင်းကြတယ်။ အခု အိမ်မီးလောင်လို့ ထွက်ပြေးကြရတာ တစ်ယောက်မှ မကျန်တော့ဘူး။ အကုန်လုံး အခက်အခဲတွေပါပဲ။ စားတာ သောက်တာက အစ ဘာမှ မရှိတော့ဘူးဆိုတော့။ အရောင်းအဝယ်လည်း မရှိဘူး။ စီးပွားရေးလည်း မရှိဘူး။ အစားအသောက်ဝင်မယ့် လမ်းကြောင်းလည်းမရှိဘူး။ စားတာသောက်တာ၊ နေရေးထိုင်ရေးကအစ ဘာဆိုဘာမှကို အဆင်မပြေတော့တာ”
ထန်တလန်အသံ ပြီးခဲ့တဲ့ လကတည်းက စစ်တပ်ဟာ ထန်တလန်ကို စစ်အင်အားတွေ ဖြည့်တင်းပြီး ထိုးစစ် ဆင်လာတာကြောင့် ဒေသခံတွေအားလုံး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခဲ့ကြရပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ်သန်းနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ နံပတ် (၁) စီးပွားရေးမြို့တော် ရန်ကုန်ဟာလည်း ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့ ညအချိန်မတော် ဖမ်းဆီးမှုတွေ နေ့စဉ်နီးပါး ဖြစ်ပွား နေလို့ မလုံခြုံမှု ဒဏ်ကို စိတ်ရောလူပါ ခံစားနေရတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။
“စိတ်လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်။ လူတွေရဲ့ ဘဝတွေဟာလည်း မျှော်လင့်ချက်မဲ့သလို ခံစား နေရတယ်။ အခုဖြစ်နေတဲ့ ပစ်ခတ်မှုတွေ၊ ဗုံးခွဲမှုတွေဟာလည်း စစ်အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ် ခဲ့တဲ့ အကျိုးဆက်တွေလို့ ကျွန်တော်မြင်တယ်ဗျာ။ စီးပွားရေး အခြေအနေကိုပဲ ခင်ဗျားကြည့်လိုက်။ ကုမ္ပဏီတွေက ပိတ်ပြန်သွားတယ် လူတွေမှာ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ ကုန်ဈေးနှုန်းတွေက အရမ်း ကြီးလာတယ်။ လူတွေ အလုပ်အကိုင် ဝင်ငွေမရှိတော့ စားဝတ်နေရေးတွေ ပိုခက်ခဲလာတယ်။ မြန်မာ ပြည်သူတွေရဲ့ ဘဝက တော်တော်ကို အခြေအနေ ဆိုးလာတယ်။ ဘယ်အချိန် ကိုယ့်အိမ်လာကပ် တံခါး ခေါက်မလဲ။ ကိုယ်ကမြင်နေတဲ့ အပိုင်းတွေမှာလည်း မတရားလုပ်သလိုပဲ ခံစားနေရတယ်ပေါ့နော်။ တကယ်လည်း မတရားလုပ်တာပါပဲ အဲဒါကတော့ ပြည်သူအမြင်မှာ တကယ်ခံစားနေရတဲ့ ဟာပေါ့ဗျာ”
မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ မန္တလေးဟာလည်း အာဏာမသိမ်းခင်က ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေနဲ့ စည်ကားခဲ့ပေမယ့် အခုတော့ ခရီးသွားတွေ မတွေ့ ရတော့သလို မြို့လူထုဟာလည်း လမ်းပေါ်ကို သိပ်မထွက်ရဲကြတော့ဘူးလို့ မန္တလေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နိုင်ငံခြားသားတွေကို မတွေ့ရသလောက်ပဲ၊ အရင်တုန်းက အများဆုံး တွေ့နိုင်တာက ကျုံးဘေး၊ နောက် မန္တလေးတောင်ပေါ်မှာ အများဆုံး တွေ့နိုင်တယ်။ အခုချိန်မှာ နိုင်ငံခြားသား မပြောနဲ့ ပြည်တွင်းကလူတွေ မန္တလေးမြို့ခံတွေတောင်မှ မရှိသလောက်ပဲ။ ဒီကနေ့ အခြေအနေက မန္တလေးမြို့က လမ်းတွေဟာ အရင် လိုမျိုး ပေါ်ပေါ်တင်တင် မသွားမလာရဲတော့တဲ့ အခြေအနေဖြစ်တာပေါ့။ ပိုပြီးသိသာတာက အာဏာ သိမ်းပြီး နောက်ပိုင်း အုပ်စုဖွဲ့ပြီး လုတဲ့ပုံစံတွေ ဖြစ်လာတယ်။ တစ်ဘက်မှာလည်း စစ်တပ်ကြောက်ရ တစ်ဘက်မှာလည်း သူခိုးဓါးမြကို ကြောက်ရတာပေါ့”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှု တွေကြောင့် နိုင်ငံတကာသံရုံးတွေကလည်း မြန်မာနိုင်ငံကနေ သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်နေကြပါတယ်။
သံခင်းတမန်ခင်းမှာလည်း အာဆီယံ ထိပ်သီးခေါင်းဆောင် အသိုင်းအဝိုင်းက မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေး မဖိတ်တဲ့အထိ ဆက်ဆံရေးကျဆင်းခဲ့ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကလည်း အာဏာ သိမ်းမှု ကာလကြာလာတာနဲ့အမျှ တယ်လီနောအပါအဝင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတွေ ပြန်လည် ထွက်ခွာသွားတာ၊ လုပ်ငန်းရပ်နားတာတွေ တိုးလာပြီး တဖြည်းဖြည်းဆိုးဝါး လာနေပါတယ်။
နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ ပေါင်းစပ်မှု ကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ်လို့ စက်တင်ဘာ ဒုတိယ ပတ်မှာ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်ခဲ့တဲ့ “ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တိုင်းပြည်ရဲ့ အခြေအနေ အရပ်ရပ် ဆိုးဝါးနေပေမယ့် စစ်တပ်ဟာ သူတို့အလိုရှိတဲ့ အာဏာရှင်စနစ်ကို သေနတ်ထောက်ပြီး ထူထောင်နေတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဝေဖန်ပါတယ်။
“တပ်ကတော့ ရှင်းတယ်၊ သူလုပ်ချင်တာကို အင်အားသုံးပြီး လုပ်မယ်ဆိုတဲ့ သဘော။ ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ စစ်တပ်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍရှိနေဖို့အတွက် အာဏာရှင်စနစ် ထူထောင်ဖို့အတွက် လုပ်နေတာတွေ့ရတယ်။ ဒါဟာ သူလုပ်မှာပဲ။ နောက်ဆုံးလုပ်လို့မရရင် သေနတ်ထောက်ပြီး လုပ်မယ့် သဘောရှိတယ်”
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံသမန်ရေး ကိစ္စတွေဟာ အကောင်းဆုံးဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပါတယ်။
“စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ဖြစ်ဖို့အတွက် နိုင်ငံရေးပါတီတွေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ကိုင်နိုင်ဖို့အတွက် ခေါ်ယူတွေ့ဆုံတာတွေ စစ်ဆေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံခြားရေး နဲ့ ပတ်သတ်လို့တော့ ကျွန်တော်တို့ အနေနဲ့ အာဆီယံကိစ္စမှာ အာဆီယံ ပဋိညာဉ်တွေ၊ စည်းမျဉ်းစည်းကမ်း တွေ အတိုင်းပဲ နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ၊ တည်ရှိမှု၊ အချုပ်အခြာအာဏာတွေနဲ့ ပတ်သက်လို့ တည်ရှိ နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းမှာတော့ အဓိကကတော့ နယ်စပ် ကုန်သွယ်မှုပါပဲ။ ဒီလုပ်ငန်းတွေကို မကြာမီမှာ အင်ပြည့်အား ပြည့်ပြန်လည်ပတ်နိုင်ရေး ဆောင်ရွက် နေပါတယ်”
တိုင်းပြည်ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အရပ်သား ခုခံကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်ကြောင့်လို့ စွပ်စွဲ ထားပါတယ်။
NUG အစိုးရဘက်ကလည်း အကြမ်းဖက်မှုတွေကို အာဏာသိမ်း စစ်ကောင်စီဘက်က ကျူးလွန်နေတာလို့ တုံ့ပြန်ထားကြပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံအဝှမ်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အောက်တိုဘာလ ၂၁ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၉၈၆ ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂,၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၃၁၂ ကြိမ်၊ စုစုပေါင်း ၃,၆၄၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ အရပ်သား ၁,၁၅၅ ဦး သေဆုံးပြီး ၇၆၅ ဦး ဒဏ်ရာရရှိခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင် ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနှင့် အစိုးရဝန်ထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၈၂ ဦး သေဆုံးပြီး ၆၀၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း အာဏာသိမ်းထားတဲ့ ကိုးလအတွင်း စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အရပ်သား ၁,၂၂၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။