လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW နှင့် Associated Press တို့မှ မြန်မာပြည်မှ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ ညှဉ်းပမ်းနှိပ်စက်ခံရသည့်အကြောင်းကို အသေးစိတ်ထုတ်ဖော်ထားသည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။ ဤနည်းဗျူဟာများသည် အသစ်အဆန်းမဟုတ်သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လုံး၀တရားမဲ့ ပြုမူဆောင်ရွက်ချက်များကြောင့်  နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်မှ  “စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့် ပို၍ ရက်စက်ကြမ်းကြုတ်လာကြောင်း” မှတ်ချက်ပြုခဲ့သည်။ ညှဉ်းပန်းနှိပ်စက်သည့်နည်းများတွင် မျက်ကွယ်သေဒဏ်ချမှတ်ခံထားရခြင်း၊ ရိုက်နှက်ခြင်း နှင့် လျှပ်စစ်ဖြင့် ဓါတ်လိုက်ခြင်း စသည့်နည်းများပါ၀င်သည်။ အမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်ခံနေရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော လိင်စိတ်ခံယူမှုကွဲပြားသူ LGBT စာရေးဆရာမတစ်ဦးသည် စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက်ခံခဲ့ရကာ သေနတ်ဒင်ဖြင့်ရိုက်နှက်ခံခဲ့ရသည်။ သူမတစ်ကိုယ်လုံးကို ရေနွေးပူဖြင့် လောင်းချခံခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများထံမှ ဤမှတ်တမ်းများသည် စစ်ကြောရေးစခန်းများ၏ နံရံများအတွင်း၌ တည်ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များဖြစ်သည်။​ အရေးယူရန်လည်း သူတို့တောင်းဆိုခဲ့သည်။ တော်တော်များများသည် သူတို့ချုပ်နှောင်ခံထားရသည့်ထောင်နံရံမှ မလွတ်မြောက်နိုင်ခဲ့ပါ။ သူတို့သည်သေသည်အထိ ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရပြီး စစ်ကောင်စီသည် မိသားစု၀င်များကို ရုပ်အလောင်းပြန်မပေးခဲ့ပါ။

အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် အာဏာသိမ်းခေါင်းဆောင်မပါ၀င်ဘဲ ၃ ရက်တာ အာဆီယံထိပ်သီးအစည်းအ၀ေးကို ကျင်းပခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အား တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီးနောက်  ယုတ္တိကျသော ခြေလှမ်းကို လှမ်းရန် အာဆီယံအား အရပ်ဘက်အဖွဲ့အစည်းများမှ တိုက်တွန်းထားသည်။ အာဏာသိမ်းခေါင်းဆောင်အား အစည်းအ၀ေးတက်ရောက်ခွင့်ကို ပိတ်ပင်ထားသော်လည်း ASEAN သည် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံကာ ၎င်းတို့ဘက် ရပ်တည်နေဆဲဖြစ်သည်။ NUG အစိုးရ၏ အာဆီယံဆိုင်ရာသံတမန် ဦးဘိုလှတင့်မှ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

စစ်ကောင်စီ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်းကြောင့် စိုးရိမ်စရာအခြေအနေတစ်ခု ဆက်ဖြစ်နေသည်။ ပြည်တွင်းစစ်များ နက်ရှိုင်းစွာတိုးလာနေသောကြောင့်  နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မြန်မာနိုင်ငံအပေါ် လက်မလျော့ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Christine Schraner Burgener မှ ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးအတွက် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း စစ်ကောင်စီမှ သူမအား ပြည်၀င်ခွင့်ပိတ်ပင်ခဲ့သည်။ Christine Schraner Burgener ၏နေရာကိုအစားထိုး၀င်ရောက်မည့်သူမှာ 2010 ခုနှစ် နာဂစ် မုန်တိုင်း အရေးပေါ် တုံ့ပြန်ရေး၊ ညှိနှိုင်းရေး အပါအဝင် မြန်မာနိုင်ငံတွင် အလုပ်အတွေ့အကြုံ ရှိသူ Noeleen Heyzer ဖြစ်သည်။ စိန်ခေါ်မှုများစွာရှိသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကောင်စီကို အဆုံးသတ်ရေးအတွက် သူမနှင့်လက်တွဲလုပ်ဆောင်ရန် စိတ်အားထက်သန်နေသော NUG နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ သူမအား ကြိုဆိုလျှက် ရှိသည်။

 

တိုင်းရင်းသားဒေသများရှိပဋိပက္ခများ

 ချင်းပြည်နယ်

စက်တင်ဘာလကတည်းမှ စတင်၍ ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ဆင်ရေးများ တိုးချဲ့လာပြီး စစ်ကောင်စီကြောင့် အရပ်သားပြည်သူတို့၏ နေအိမ် ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်။ ရွာများကိုမီးတင်ရှို့မှုအပြင် အိမ်မွေးတိရိစ္ဆာန်များနှင် ပစ္စည်းဥစ္စာများလည်း လုယူဖျက်ဆီးခြင်း ခံခဲ့ရသည်။​ မြန်မာစစ်တပ်သည် မီးတင်ရှို့မှုနှင့် ခိုးယူလုယက်မှုများအားလုံးကို ငြင်းဆိုထားပြီး ဒေသခံများမှ ၎င်းတို့၏နေအိမ်များကို မီးရှို့ခြင်းသာဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။ သြဂုတ်လမှစတင်၍ နေအိမ် ၃၀၀ ကျော်ကိုမီးရှို့ခြင်းအပါ၀င် စစ်ကောင်စီကျူးလွန်ခဲ့သော ရာဇ၀တ်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း  ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှ ထုတ်ပြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်းပြည်နယ်တွင် အကြမ်းဖက်ဖြိုခွဲမှုများ ပြင်းထန်လာနေသည်။ ချင်းပြည်နယ်တွင် လူဦးရေ ၉၀% ကျော်သည် ခရစ်ယာန်များဖြစ်ကြပြီး စစ်ကောင်စီသည် ဘုရားကျောင်းများကို မီးရှို့ခြင်းနှင့် လက်နက်ကြီးများပစ်ခတ်ခြင်းဖြင့် လူထုကို စိတ်ဒဏ်ရာပေးနေသည်။ ဖလန်းတွင် ချင်းအမျိုးသားတပ်ဦး (CNF)နှင့် အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲများကြောင့် အခြေအနေများ မဆိုး၀ါးလာမီ ဒေသခံများ စတင်ထွက်ပြေးတိမ်းရှောင်ခဲ့သည်။​

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ထန်တလန်မြို့ရှိ ဘာသာရေး အဆောက်အဦးများအပါအ၀င် အိမ်ခြေ ၁၀၀ ကျော်မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ ဖလန်းတွင် စစ်ကောင်စီတပ်၏ စစ်အင်အားဖြည့်တင်းမှုကြောင့် အရေးပေါ်အစည်း၀ေးခေါ်ယူရန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို CHRO မှ တောင်းဆိုခဲ့သည်။

 

ရှမ်းပြည်နယ်

စစ်ကောင်စီသည် အရပ်သားပြည်သူများကို ဆက်လက်အကြမ်းဖက်တိုက်ခိုက်ခြင်းအားဖြင့် ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်များကို ချိုးဖောက်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းဒေသတွင် တိုက်ပွဲအတွင်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသည် ကျည်ထိမှန်ကာ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသောအခြေအနေတွင် ရှိနေသည်။ လက်နက်ကိုင်အချင်းချင်းကြားနှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများပုံမှန်ဖြစ်ပွားနေသည်။ ကျောက်မဲတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ မြေးဖြစ်သူ ၁၈ နှစ်အရွယ် လူငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် တရား၀င်ဖြစ်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်  တပ်မတော် ထောက်ခံပွဲသို့ တက်ရောက်ရန် အရပ်သားများကို ဖိအားပေးခဲ့သည်။ တပ်မတော်ထောက်ခံပွဲသို့ တက်ရောက်သူတစ်ဦးလျှင် ၅၀၀၀ ကျပ်ရရှိခဲ့သည်။

 

ကရင်ပြည်နယ်

ယခုလအစောပိုင်းတွင် သံလွင်မြစ်ကမ်းနားဘေးရှိ စစ်တပ်မှ အရာရှိနှင့်စစ်သားများသည် ကရင်ပြည်နယ်တွင်းရှိ စစ်ဘေးရှောင်များအတွက် အရေးပေါ်ကာကွယ်ရေးပစ္စည်းများကို သယ်ဆောင်လာသော ကုန်တင်ရေယာဥ်တစ်စီးကို တိုက်ခိုက်လုယူခဲ့သည်။ ပရမ်းပတာ ရမ်းသမ်း ပစ်ခတ်သံများကိုလည်း ကြားနေရသည်။ ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း စစ်အင်အားအလုံးအရင်းတိုးချဲ့ဖြည့်တင်းမှုကြောင့် ကြောက်ရွံ့နေသော ဒေသခံအရပ်သားများကို အကြမ်းဖက်စစ်ကောင်စီမှ​ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

အကြမ်းဖက်စစ်ကောင်စီသည် ကရင်ကျေးရွာသားများကို လူသားဒိုင်းအဖြစ် ဆက်လက်အသုံးပြုနေပြီး ထွက်ပြေးရန်ကြိုးစားပါက ရွာများကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ရွာသစ်ကျေးရွာတွင် ခမရ ၅၅၆ နှင် ၅၆၀ မှ စစ်တပ်အင်းအား ၆၀ ခန့်သည် တပ်စွဲထားသည်။ အကြမ်းဖက်စစ်တပ်သည် နေ့ရောညပါ ပရမ်းပတာပစ်ခတ်နေပြီး ဒေသခံတို့၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း စားသုံးရန် ခိုးယူခဲ့သည်။​ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အထောက်အပံ့များကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးရန် ထိုင်းအစိုးရကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ တောင်းဆိုခဲ့သည်။​