ကယားပြည်နယ်မြို့တော်အနီး နှစ်ရက်တာတိုက်ပွဲအတွင်း ခရီးသည်တစ်ဦး ကားအတွင်း မီးလောင်သေဆုံးနေပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် စက်တင်ဘာ၂၅ နှင့်၂၆ ရက်နေ့များက တိုက်ပွဲဖြစ်ပွားစဉ် အရပ်သား ၂ ဦး သေဆုံးပြီး အိမ် ၃၀ ခန့် မီးရှို့ခံရသည်။

စက်တင်ဘာ ၂၅ ညနေ၌ ကုန်းသာရွာအနီး ရပ်ထားသည့် အိမ်စီးကားထဲတွင် လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မီးလောင်ထားသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

ဒီးမော့ဆိုဘက်မှ လာသော အဆိုပါကားကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့သောကြောင့် ကုန်းသာရွာထိပ်၌ ရပ်တန့်ခဲ့ကြောင်း၊ ကားထဲတွင် လိုက်ပါလာသူ အရေအတွက်ကို မသိရကြောင်း ၎င်းက ဆိုသည်။

“အဲဒါ စုံစမ်းနေဆဲပဲ ကျွန်တော်တို့ မသိရသေးဘူး။ အဲဒီကားကိုလည်း ကျွန်တော်တို့တားတယ်၊ တိုက်ပွဲဖြစ်နေတော့ မသွားဖို့။ ဒါပေမဲ့ ကားက မရပ်ခဲ့ဘူး။ စစ်ကောင်စီနားရောက်တဲ့အချိန် အရှင်လတ်လတ် မီးရှို့ခံရတာပေါ့။ ကားမှာ ဘယ်နှစ်ယောက်ပါသွားလဲ၊ အဲဒါလည်း ကျွန်တော်တို့ အတည်ပြုလို့ မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော ဒီးမော့ဆိုမြို့ဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်အများအပြားကို ရင်ဆိုင်နေရသည်။

စက်တင်ဘာ ၂၆ တွင်လည်း စစ်တပ်က လက်နက်ကြီးများပစ်ခတ်သဖြင့် ကုန်းသာကျေးရွာ နေအိမ်၌ ရှိနေသည့် အသက် ၇၀ အရွယ် ဦးကြီးကျော်ဆိုသူ ရင်ဘတ်မှာ ဒဏ်ရာရသေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ (စက်တင်ဘာ ၂၇) တွင် သတင်းထုတ်ပြန်သည်။

ဦးကြီးကျော်၏ ရုပ်အလောင်းကို ယနေ့မနက် သုသာန်သို့ ပို့ဆောင်ရာတွင်လည်း သုသာန်အဝင်လမ်း၌ ထောင်ထားသောမိုင်း ထိသဖြင့် နာရေးကားရှေ့ဘီး(ဝဲဘက်) ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကားတွင် လိုက်ပါလာသူ ၄ ဦး ထိခိုက်မှုမရှိကြောင်း PKPF က ဆိုသည်။

Karenni Generation Z Army (KGZA) မှ ဗိုလ်ဆော်ရယ်က ကုန်းသာကျေးရွာသို့ ရောက်လာသော စစ်တပ်က စက်တင်ဘာ ၂၅ ၌ နေအိမ် ၄ လုံးနှင့် စက်တင်ဘာ ၂၆ တွင် နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြောသည်။

“(စစ်တပ်က) ၂၄ ရက်နေ့ကစပြီး တပ်စွဲတာ။ ၂၅၊ ၂၆ မှာ တိုက်ပွဲပြင်းထန် (စစ်တပ်က) အကျအရှုံးများလို့ သူတို့ တပ်ဆုတ်ကြတယ်။ လမ်းဘေးအိမ်တိုင်း ဖောက်ထွင်းခံရတယ်။ ပစ္စည်းတွေအကုန်ဖျက်ဆီးတာ။ ဘုန်းကြီးကျောင်းအလှူခံပုံးထဲက ပိုက်ဆံပါမချန်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲနှစ်ရက်အတွင်း ကရင်နီတပ်မတော် (KA) နှင့်အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သည့် KNDF, KGZA, KPDF (Karenni People Defense Force), DPDF (ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်) နှင့် Loikaw PDF တို့ စုပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဗိုလ်ဆော်ရယ်က ပြောသည်။

ပြီးခဲ့သည့်မေလကုန်၌ တိုက်ပွဲဖြစ်ပွားထားခဲ့သည့် ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်တွင် စစ်တပ်ဘက်မှ သေဆုံးမှုများခဲ့ပြီးနောက် ၎င်းအကျအဆုံးအပျက်အစီးများကို မှတ်တမ်းတင်ဓာတ်ပုံရိုက်မည်ဟု စစ်တပ်က အကြောင်းပြကာ စက်တင်ဘာ ၂၄ မွန်းလွဲပိုင်းမှစ၍ စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ တပ်စွဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ကြောင်း၊ KNDF တပ်ရင်း (၁) မှ ဒုတပ်စုမှူးဖြစ်သူ အသက် ၂၀ အရွယ် သီအိုဒေါရို ဖမ်းဆီးသတ်ဖြတ်ခံရပြီး Loikaw PDF မှ အသက် ၂၅ နှစ်အရွယ် ပါစကွားလယ်(ခ) ခိုးခို တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

Myanmar Now News