ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)တွင် ဆွေးနွေးရမည့်အကြောင်းအရာများထဲမှ  မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှည် ကိုယ်စားပြုခွင့်ကို ရွေးချယ်ရန် ကုလအဖွဲ့၀င်နိုင်ငံများသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏  ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုရန် အတွက် ကုလသမဂ္ဂအား အရပ်ဘက်အဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။ လူသတ်အာဏာသိမ်းအုပ်စုအား အသိအမှတ်ပြုမည်ဆိုပါက အထူးသဖြင့် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးဖြစ်သော ငြိမ်းချမ်းစွာ ထုတ်ဖော်ဆန္ဒပြမှုကြောင့် ထောင်ပေါင်းများစွာ ဖမ်းဆီးခံရသောမိသားစု၀င်များနှင့် မြန်မာပြည်သူလူထု၏ ဆန္ဒကို စော်ကားရာ ရောက်ပေမည်။  စစ်အာဏာသိမ်းသည့် (၇) လတာအတွင်းတွင် စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်သော အရပ်သားပြည်သူတို့အား စစ်ဆင်နွဲခဲ့သည်။ UNGA သည် ယခင်မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ဆုံးချက်တွင် လက်နက်မဲ့ အရပ်သားပြည်သူများအပေါ်  မြန်မာစစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့များမှ အလွန်အကျွံနှင့် သေစေလောက်သော အကြမ်းဖက်မှုဟု ပြင်းထန်စွာ ရှုတ်ချခဲ့ဖူးသည်။  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလည်း မတည်ငြိမ်သော မြန်မာနိုင်ငံ၏အခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့သည်။ ထို့ပြင် ၀ေဖန်မှုများကြားမှ စစ်ကောင်စီကို အသိအမှတ်ပြုရန်နှင့် ဒီမိုကရေစီပြန်လည်ရရှိရန် တောင်းဆိုမှုများသည် မြန်မာပြည်သူများအတွက် ကုလ၏ စိုးရိမ်မှုကို မေးခွန်းထုတ်စရာဖြစ်လာပေမည်။ တိုင်းပြည်တွင်းဖြစ်ပျက်နေသော လူ့အခွင့်အရေး အခြေအနေများသည် အသက်အန္တရာယ်ကို စိုးရိမ်နေရသောပြည်သူများအတွက် နေ့စဥ် အိပ်မက်ဆိုးဖြစ်လာနေသည်။​

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စုရုံးခွင့်သည် စစ်ကောင်စီမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်ဆာဖြတ်တောက် မှုများကြားတွင် ဆုံးရှုံးနေသော လွတ်လပ်ခွင့်များအနက် တစ်ခုဖြစ်သည်။ အာဏာသိမ်းမှုကြောင့်  မြန်မာစစ်တပ်နှင့် လက်နက်ကိုင်ကာကွယ်ရေး တပ်ဖွဲ့များအကြား လက်ရှိဖြစ်ပွားနေသော တင်းမာမှုတွင် အင်တာနက်ဖြတ်တောက်မှုသည်  စစ်ကောင်စီမှ လူ့အခွင့်အရေးကို ချိုးဖောက်ရန် လက်နက်တစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံအနှံ့ နေရာတော်တော်များများတွင် အင်တာနက်ပြတ်တောက်မှုကြောင့် အထူးသဖြင့် ပဋိပက္ခဒေသတွင် နေထိုင်သော ပြည်သူများအား သတိပေးရန် ခက်ခဲစေသည်။ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် သြဂုတ်လကတည်းမှ စတင်၍ အင်တာနက်ပြတ်တောက် ခံရပြီး လတ်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မိုဘိုင်းအင်တာနက်နှင့် တစ်ချို့သော Wi-Fi လိုင်းများ ဖြတ်တောက်ခံနေရသည်။ စစ်အာဏာသိမ်းသည့် အချိန်မှစ၍ နိုင်ငံသားတို့၏ လုံခြုံရေးကို ကာကွယ်သော ဥပဒေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘဲ ပြောင်းလဲ ပြင်ဆင်ခဲ့သည်။ အင်တာနက်ပြတ်တောက်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေရသည်။ လာမည့်တိုက်ခိုက်မှုများကို ကြိုတင်ရှောင်ရှားရန် သတိပေးချက်များအား နည်းပညာများကို မှီခိုအားထားကာ ဆက်သွယ်မျှ၀ေခဲ့ကြသည်။ နိုင်ငံသားတိုင်းသည် သတင်းအချက်အလက် ရယူပိုင်ခွင့်အပါအ၀င် လွတ်လပ်လုံခြုံစွာ အသက်ရှင်နေထိုင်ခွင့်ရှိသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

စစ်ကောင်စီတပ်နှင့် ခုခံတော်လှန်ရေးတပ်ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက်လုံးတွင် ကျဆုံးမှုများ ရှိနေသည်။ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)  ပူပေါင်းတပ်ဖွဲ့မှ ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၂) ဦးသေဆုံးခဲ့သည်။  ချင်းလူ့အခွင့်အရေးအဖွဲ့၏ အသစ်ထုတ်ပြန်လိုက်သော စာတမ်းတိုတွင် ချင်းပြည်နယ်၏ အခြေအနေသည် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။  လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော်သည် မြန်မာ-အိန္ဒိယ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်မှ ဒေသခံများသည်   ကချင်လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်တပ်မတော်ကြား အချိန်မရွေး ဖြစ်ပွားနိုင်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို  ရင်ဆိုင်နေရသည်။ မကြာသေးမီရက်သတ္တပတ်အတွင်းတွင် ဒေသခံရွားသားများသည် စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား ဖြတ်လျှောက်မိခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်း ကြောင့်  အသတ်ခံခဲ့ရသည်။  အကြမ်းဖက်မှုများနှင့် စစ်ရေးမတည်ငြိမ်မှုများကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတိုးလာသည့် ဖားကန့်မြို့နယ်တွင် သြဂုတ်လကတည်းမှစတင်၍ အင်တာနက် ဖြတ်တောက်ခံနေရသည်။ တနိုင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ၏ ပစ်ခတ်ခြင်းကြောင့် အမျိုးသမီးတစ်ဦး၏ ဦးခေါင်းတွင် ကျည်ထိမှန် ခဲ့သည်။

မိုးညှင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံအရပ်သား တော်တော်များများကို ဖမ်းဆီးခဲ့သည်။​

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးသည် ပြီးခဲ့သည် သီတင်းပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာခံစားခဲ့ရသည်။ လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာသည်နှင့်အမျှ စစ်ကောင်စီသည် ၎င်တို့၏အုပ်ချုပ်ရေးကို ခြိမ်းခြောက်နှောက်ယှက်သည်ဟု ထင်ရသူမှန်သမျှကို နှိမ်နှင်းရန်စစ်ဆင်ရေးများကို တိုးမြင့်လျက်ရှိသည်။ ဂန့်ဂေါမြို့နယ်မှ လက်နက်မဲ့ အရပ်သား ( ၁၈ ) ဦးထက်မနည်း အကြမ်းဖက်နှိပ်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။​ အသတ်ခံရသည့်သူများထဲတွင် အသက် (၈၀) အရွယ်အဖိုးအိုတစ်ဦးသည် လက်ကိုကျောနှောက်ပစ်တုပ်နှောင်ခံရကာ ဦးခေါင်းတွင်ပစ်သတ်ခံခဲ့ရသည်။​ ရပ်ရွာကိုကာကွယ်ရန် စစ်ကောင်စီကို ပြန်လည်ခုံခံသော ဒေသခံများသည် လူငယ်များဖြစ်ကြပြီး စစ်ကောင်စီတပ်ကို ယှဥ်နိုင်သောလက်နက် တပ်ဆင်ထားခြင်းမရှိပါ။​ မကွေးတိုင်းဒေသရှိ ထယ်လှော်ကျေးရွာကို စစ်ကောင်စီတပ်မှ ၀င်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ လတ်တလော ဖြစ်ပွားခဲ့သော မကွေးတိုင်းဒေသကြီး ဆောမြို့နယ် တိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်သာ အနည်းဆုံး ၇၀ နှင့် အရပ်သားပြည်သူအပါ၀င် ဒေသခံကာကွယ်ရေးတပ်သား ၂၀ ဦးသေဆုံးခဲ့သည်။