နေ့စွဲ – ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်။
အမှတ် – ရကလစ/ဗဟို/ထုတ်ပြန်/၀၃/၂၀၂၁။
၁။ ရခိုင်ပြည်၌ဖြစ်ပွါးခဲ့သော လက်နက်ကိုင်ပဋိပက္ခများအတွင်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှု ရှိခဲ့သည့်အပေါ်တွင် မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တာဝန်ယူရန် တောင်းဆိုဆန္ဒပြခဲ့ကြသော ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ကို (၁၉.၁၀.၂၀) ရက်နေ့ တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခဲ့ကာ (၁၁) လကြာ ဖမ်းဆီးထားခဲ့ပြီး (၁၆.၀၉.၂၁) ရက်နေ့တွင် ထောင်ဒဏ် (၂)နှစ်နှင့် (၆)လ ချမှတ်ခဲ့ခြင်းအား မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကန့်ကွက် ရှုတ်ချလိုက်သည်။
၂။ စစ်ကောင်စီ အနေဖြင့် ရခိုင်ပြည်၌ ဖြစ်ပွါးခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အတွင်း အရပ်သားများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက် မှုများအား ဖုံးဖိရန်အတွက် မတရားအရေးယူအပြစ်ပေးမှုများစွာ ရှိနေကြောင်းကို ဤကျောင်းသား (၄) ဦးအား (၁၁) လကြာ ဖမ်းဆီးထားပြီးမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းက ထင်ရှားစွာပြသနေသည်။
၃။ ဤကျောင်းသားများသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည့်အတွက် လူတဦး ချင်းစီ၏ အခြေခံ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်ရာရောက် ပေသည်။ သို့ဖြစ်ပါ၍ မတရား ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော ကျောင်းသား (၄) ဦးအား စစ်ကောင်စီအနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်းအပ်သည်။
၄။ ရခိုင်ပြည်သား တဦးချင်းစီ၏ မွေးရာပါအခွင့်အရေးဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ခွင့်တို့အား ကျင့်သုံးမှုကိုအကြောင်းပြု၍ မတရားဖမ်းဆီးချုပ်နှောင်ခြင်းသည် လွတ်လပ်၍ တည်ငြိမ်အေးချမ်းပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းသစ်တရပ်အား တည်ဆောက်ရာတွင် ခေတ်နောက်ပြန် ဆွဲသည့် အာဏာရှင်ဆန်သော လုပ်နည်းလုပ်ဟန်တရပ်ဖြစ်သည့်အတွက် ဤသို့သော အပြုအမူများအား စစ်ကောင်စီမှ ဖြစ်စေ၊ အရပ်သားအစိုးရမှ ဖြစ်စေ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတခုခုမှဖြစ်စေ ကျူးလွန်ခြင်းကို မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေငြာအပ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)
ထုတ်ပြန်ချက် PDF File Links: AASYC Website: https://www.aasyc.info/…/AASYC-Statement-on-Illegal…