မြန်မာ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ရက်တွေအတွင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မြင်သာ၊ မွေ့လယ်နဲ့ ရေရှင် ကျေးရွာတွေက ဒေသခံ အချို့ကို PDF တပ်ဖွဲ့ ဝင်တွေအဖြစ် စွပ်စွဲချက်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေနဲ့ PDF တပ်ဖွဲ့တွေက RFA ကို ပြောပြခဲ့ပါတယ်။
စစ်တပ်က ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူတွေဟာ PDF တွေ အမှန် တကယ် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ပြည်တွင်းက လူ့အခွင့်အရေးနဲ့ ဥပဒေ ကျွမ်းကျင်သူ အချို့ကတော့ ဒီဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း RFA ကို သုံးသပ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကတော့ နိုင်ငံတကာ ဥပဒေတွေအရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ဖို့အတွက် ဒီသတ်ဖြတ်မှုတွေ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကို လက်နက်ကိုင်ပဋိပက္ခ armed conflict အဖြစ် သတ်မှတ်နိုင်ဖို့ အရေးကြီးကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။
“စစ်ရာဇဝတ်မှုလို့ သတ်မှတ်ဖို့ဆိုရင် စစ်ဖြစ်နေတဲ့ အနေအထားဖြစ်ရပါမယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပဋိပက္ခထဲက တစ်စုံတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရရင် ဂျနီဗာကွန်ဗင်းရှင်း သဘောတူညီချက်တွေက အကာအကွယ်ပေးထားပါတယ်။ ဖမ်းဆီးခံရတဲ့ သုံ့ပန်းကို သတ်ဖြတ်ခွင့်မရှိဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ သတ်ဖြတ်မယ် ညှဉ်းပန်းနှိပ်စက်မယ်ဆိုရင်တော့ စစ်ရာဇဝတ်မှုမြောက်တာ သေချာပါတယ်။ ဒါပေမဲ့လည်း PDF နဲ့ဖြစ်တဲ့ ပဋိပက္ခတွေကိုတော့ ခုချိန်အထိ လက်နက်ကိုင် ပဋိပက္ခအဖြစ် သတ်မှတ်လို့ မရသေးဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ PDF တပ်ဖွဲ့တွေဟာ စံချိန်မီ လက်နက်ကိုင်တပ်ဖွဲ့ အဆင့်ကို မရောက်သေးပါဘူး။ ဒါကြောင့်မို့ ဒီဖြစ်ရပ်တွေကို စစ်ရာဇဝတ်မှုမဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှု လို့ပဲ ရှုမြင်ပါတယ်။”
ဒါကတော့ လူ့အခွင့်အရေး စောင့်ကြည့်ရေး Human Rights Watch အဖွဲ့က အာရှရေးရာ ညွှန်ကြားရေးမှုး Brad Adam က ပြောသွားတာပါ။
အခုလို PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှု မမြောက်ကြောင်း သုံးသပ်လိုက်တာဟာ မြန်မာ့တပ်မတော်အနေနဲ့ သတ်ဖြတ်ခွင့် ရှိတယ်ဆိုတဲ့ သဘောမဟုတ်ကြောင်းလည်း Brad Adam က RFA ကို ပြောပါတယ်။
“ဒါပေမဲ့ ကျွန်တော်တစ်ခု ရှင်းအောင် ပြောလိုတာက စစ်ဖြစ်နေတဲ့ ကာလမှာပဲ ဖြစ်စေ၊ စစ်မဖြစ်တဲ့ အချိန်မှာပဲ ဖြစ်စေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တစ်စုံတစ်ဦးကို သတ်ဖြတ်တယ်ဆိုတာ စစ်ရာဇဝတ်မှုလိုပဲ ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ လူတော်တော်များများက စစ်ရာဇဝတ်မှုလို့ ခေါင်းစဉ်တပ်မှ ပြင်းထန်တဲ့ ရာဇဝတ်မှုဖြစ်မယ်လို့ ထင်နေကြပါတယ်။ အခုလိုမျိုး extrajudicial killing ဒါမှမဟုတ် unlawful killing လို့ခေါ်တဲ့ တရားစီရင်မှုမရှိဘဲ သတ်ဖြတ်တာဟာလည်း အလားတူ ဆိုးဝါးတဲ့ လုပ်ရပ် ဖြစ်ပါတယ်။”
Fortify Rights အဖွဲ့က Matthew Smith ကတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သာကျေးရွာမှာ ဖြစ်ပွား ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို Fortify Rights အဖွဲ့က မှတ်တမ်း မတင်ရသေးတဲ့ အတွက် ဘယ်လို ရာဇဝတ်မှုမျိုး ဖြစ်မြောက်သလဲဆိုတာ ပြောရခက်ပေမယ့် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အလားတူ ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အခြား ရာဇဝတ်မှု တော်တော်များများကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ မကွေးတိုင်း၊ မြင်သာရွာက သတ်ဖြတ်မှုတွေမှာ ကြုံတွေ့ခဲ့သူတွေရဲ့ ပြောဆိုချက်အရဆိုရင် ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အခြားရာဇဝတ်မှုတွေနဲ့ ကိုက်ညီနေပါတယ်။ မြန်မာ စစ်တပ်ဟာ အပြစ်ပေးအရေးယူခံရတာ မရှိဘဲ သတ်ဖြတ်တာ၊ အပြစ်မရှိပဲ ဖမ်းဆီး ချုပ်နှောင်ထားတာ၊ ညှင်းပန်းနှိပ်စက်တာလို ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ အစဉ်အလာရှိတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် မကွေးတိုင်း မြင်သာရွာက ဖြစ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်မြောက်ဖို့ ဖြစ်နိုင်ပါတယ်။ စစ်ရာဇဝတ်မှု အဖြစ် သတ်မှတ်နိုင်ဖို့ အတွက်ကတော့ အဲဒီဒေသမှာ နိုင်ငံခြား တပ်ဖွဲ့မဟုတ်တဲ့ တပ်ဖွဲ့ တစ်ခုခုနဲ့ armed conflict ဖြစ်နေကြောင်း သတ်မှတ်ချက်ရှိဖို့ လိုပါလိမ့်မယ်။”
Human Rights Watch အဖွဲ့က Brad Adam ရဲ့ သုံးသပ်ချက်အရတော့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဗဟိုက အမိန့်ပေးချုပ်ကိုင်မှုနဲ့ ကာလရှည် လေ့ကျင့်သင်ကြားထားတဲ့ တပ်ဖွဲ့တွေ ရှိတဲ့အတွက် သူတို့ကို army ဒါမှမဟုတ် လက်နက်ကိုင် တပ်ဖွဲ့တွေအဖြစ် သတ်မှတ်လို့ ရပြီး မြန်မာစစ်တပ်နဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေနဲ့ အကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကို လက်နက်ကိုင် ပဋိပက္ခ armed conflict လို့ သတ်မှတ်ကြောင်း၊ ဒီလို သတ်မှတ်နိုင်တဲ့အတွက် ဒီပဋိပက္ခတွေ အတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို မသတ်ဖို့ စည်းကမ်းချက်ပါဝင်တဲ့ Geneva convention သဘောတူညီချက် အပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့ အကျုံးဝင်ပေမယ့်၊ PDF တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကတော့ အလားတူ အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။
“မြန်မာ့တပ်မတော်နဲ့ PDF တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကို ပြည်တွင်းစစ်၊ ဒါမှမဟုတ် လက်နက်ကိုင် ပဋိပက္ခ armed conflict လို့ သတ်မှတ်လို့မရသေးပါဘူး။ ကျွန်တော်တို့ သိထားသလောက် ဆိုရင် PDF တပ်ဖွဲ့တွေဘက်က တပ်သား အင်အားအရကော၊ စစ်လက်နက်ပစ္စည်း အင်အားအရကော၊ ဗဟိုကနေ စနစ်တကျ ချုပ်ကိုင်ပြီး အမိန့်ပေးစေခိုင်းမှု ရှိ၊ မရှိ ဆိုတဲ့အချက်တွေ အရပါ ကြည့်မယ်ဆိုရင် PDF တွေကို လက်နက်ကိုင်တပ်ဖွဲ့လို့ သတ်မှတ်လို့ မရသေးပါဘူး။ ကျွန်တော်တို့ နားလည်ထားသလောက် ကတော့ ဒေသဆိုင်ရာ PDF တပ်ဖွဲ့တွေဟာ အထက်က အမိန့်ပေးစေခိုင်းမှုကြောင့် မဟုတ်ပဲ သူတို့ဘာသာ ဆန္ဒအလျောက် တိုက်ခိုက်တာ ဒါမှမဟုတ် မကြာခင်က ပေါ်ထွက်လာတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာ စစ်တပ်ကို တိုက်ခိုက်ကြဖို့ နှိုးဆောင်ချက်ကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ PDF နဲ့ဖြစ်တဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ ဥပဒေတွေအရ armed conflict လို့ သတ်မှတ်လို့ ရတဲ့ အဆင့် မရှိသေးပါဘူး။ ဒါပေမဲ့ စစ်ဖြစ်နေတယ်လို့ သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ အာဏာပိုင်တွေ အနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို ဆက်ဆံတဲ့နေရာမှာ အတူတူပဲ ဖြစ်ရပါမယ်။ ထိခိုက်သေကျေအောင် လုပ်လို့မရပါဘူး။”
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ကျေးရွာတွေမှာ ဖြစ်ပွားတဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေး အဖွဲ့ ခေါင်းဆောင်နဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။