ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
■ မနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမှာ စတင်ကျင်းပရာမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတက်ရောက်သူ မရှိပဲ၊ နောက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ ရည်ညွန်းခဲ့တဲ့အကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဒီညီလာခံမှာ တက်ရောက် မိန့်ခွန်းပြောခဲ့တဲ့ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ယန္တရား IIMM ရဲ့ အကြီးအကဲ နီကိုလပ် ကုမ်ဂျန် ကတော့ ဖေဖော်ဝါရီလ ၁ရက်က အာဏာသိမ်းမှု နောက်ပိုင်း အဖြစ်အပျက်တွေနဲ့ ဆိုင်တဲ့ သတင်းအချက်အလက် နှစ်သိန်းကျော်ကို စုဆောင်းနိုင်ခဲ့ပြီး၊ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ပြောသွားပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြပါမယ်။
စက်တင်ဘာလ ၁၃ရက်နေ့ မနေ့ကစတင် ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ တက်ရောက်လာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် အားလုံးနီးပါး ဟာ မြန်မာနိုင်ငံအရေးနဲ့ ပက်သက်လို့ စိုးရိမ်ပူပန်ကြောင်း ပြောသွားကြပြီး၊ လူ့အခွင့်ရေး ကောင်စီကနေ ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပက်သက်လို့ အားပေးထောက်ခံကြောင်း ပြောသွားတာ တွေ့ရပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၄ရက်မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ခွင့်ရဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ နှစ်ဘက်လုံးက ကြိုးစားခဲ့ပေမယ်၊ Credential Committee က ဒီကိစ္စအတွက် ဆုံးဖြတ်ချက် မချမှတ်နိုင်သေးတဲ့အတွက် မနေ့က စတင်ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တော့ မြန်မာနိုင်ငံ ကို ကိုယ်စားပြုပြီးတက်ရောက်သူ မရှိတဲ့အကြောင်း NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“ဒီနေ့ကတော့ လူ့အခွင့်အရေး ကောင်စီနဲ့ အစည်းအဝေးစတင်တဲ့ နေ့ပါ။ အရင် အစည်းအဝေး ညီလာခံတွေမှာ ဆုံးဖြတ်ခဲ့သလိုပဲ မြန်မာနိုင်ငံကနေ ကိုယ်စားပြု တက်မယ့်၊ ကိုယ်စားလှယ်အဖွဲ့ နဲ့ ကုလ အထူးကိုယ်စားလှယ်က နှစ်ယောက်ဖြစ်နေတယ်။ ဘယ်သူ့ကို မြန်မာနိုင်ငံကိုယ်စားပြုမှုကို လက်ခံမလဲဆိုတာအတွက်တော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ပြန်လွှဲထားပါတယ်။ အထွေထွေ ညီလာခံက လုပ်ဆောင်မယ့် ကိုယ်စားလှယ် ရွေးခြယ်မှုက အခုထိ မပြီးသေးဘူး။ ဒါကြောင့် အခု စောပြီးတော့ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဘယ်သူ့ကိုမှ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် မပေးတဲ့ ဆုံးဖြတ်ချက်ကို တိုးမြှင့်လိုက်တာဖြစ်ပါတယ်။”
မနေ့က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး IIMM ရဲ့ အကြီးအကဲ နီကိုလပ်ကုမ်ဂျန်က
မြန်မာနိုင်ငံမှာ ဆိုးဝါးပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီးး၊ ရ ကျူးလွန်သူတွေကို အရေးယူနိုင်ခြင်းမရှိတဲ့ သမိုင်းကြောင်းကြောင့်၊ လက်ရှိအချိန်မှာ မြန်မာ ပြည်သူတွေရဲ့ ဘဝတွေကို ရိုက်ခတ်နေတယ်လို့ ပြောသွားပါတယ်။
“၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့တာ လေးနှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့်၊ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ယာယီ ဒုက္ခသည် စခန်းတွေမှာ ဆက်ပြီး နေထိုင်ကြရဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝတွေဟာ ရပ်ဆိုင်းနေသလိုပဲ၊ မီးရှို့ဖျက်ဆီးပြီး၊ ဘူဒိုဇာနဲ့ ထိုးချ ဖြိုလှဲ ခံလိုက်ရတာ အများစုဖြစ်တဲ့ သူတို့ရဲ့ နေအိမ်တွေ ရှိရာကို ပြန်ခွင့်ရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက ကျွန်တော်တို့ IIMM အဖွဲ့ဟာ စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အင်အားသုံး ဖြိုခွင်းမှုတွေ၊ မတရား ဖမ်းဆီးမှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ အစဖျောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း တိုင်ကြားမှုတွေ လက်ခံရရှိခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံအနှံ့ ဒေသတွေမှာ ထောင်နဲ့ ချီတဲ့ ပြည်သူတွေ နေအိမ် စွန့်ခွာ ထွက်ပြေးနေကြပြီး၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထိခိုက်ပျက်စီးနေသလိုပဲ၊ အိမ်နီးချင်း နိုင်ငံတွေ အပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေစေပါတယ်။”
“ဒီနေရာမှာ တကယ်လိုအပ်နေတာကတော့ ကျူးလွန်သူတွေ အရေးယူခံရမှုကနေ ကင်းလွတ်နေပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကြော့ပြန် ဖြစ်နေတဲ့ သံသရာထဲကနေ ရုန်းထွက်ဖို့ပဲဖြစ်ပါတယ်။ အခုအချိန်မှာ IIMM အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အဖြစ်အပျက်တွေနဲ့ ဆိုင်တဲ့ အချက်အလက်ပေါင်း ၂သိန်း ၁သောင်း၉ထောင် ကျော်ကို စုဆောင်းထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကနဦး လေ့လာ သုံးသပ်မှုတွေအရ ဒီ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် နဲ့ စနစ်တကျ ကျူးလွန်ခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။ ကျွန်တော်တို့ ရထားတဲ့ အထောက်အထားတွေအရ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး နဲ့ စစ်ကိုင်းဒေသတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အရပ်သားပြည်သူ တစ်ထောင်လောက် သတ်ဖြတ်ခံခဲ့ရပြီးဖြစ်ပါတယ်။ ဒီအထောက်အထားတွေအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဒေသပေါင်းစုံမှာ တစ်ပုံစံတည်း တုန့်ပြန် လုပ်ဆောင်ခဲ့ကြပြီး၊ သတင်းသမားတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေလို လူတွေကို ပစ်မှတ်ထားခဲ့တာလည်း အတူတူပဲ ဖြစ်တာကို တွေ့ရပါတယ်။ အခုအချိန်အထိ ထောင်နဲ့ ချီတဲ့ ပြည်သူတွေကို ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ဥပဒေအရ ရုံးတင်စစ်ဆေးမှုလည်း မရှိပါဘူး။ နိုင်ငံတကာ ဥပဒေအရဆိုရင် အရပ်သား ပြည်သူေတွေကို သတ်ဖြတ်တာနဲ့ အပြစ်မရှိပဲ ဖမ်းဆီးထိန်းသိမ်းထားတာလို ပြစ်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်တာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပါတယ်။ ဒီလို ရာဇဝတ်မှုတွေဟာ ကျွန်တော်တို့ အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အဖွဲ့ဟာ ရထားတဲ့ အထောက်အထားတွေကို စစ်ဆေးအတည်ပြုပြီး၊ ဒီအမှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ဖို့ ကြိုစားနေပါတယ်။”
မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေဟာ IIMM အဖွဲ့ကို ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ခွင့် နဲ့ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံမေးမြန်းခွင့် မပေးတဲ့အတွက် အရေးကြီးတဲ့ အထောက်အထားတွေ စုဆောင်နိုင်ဖို့အတွက် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို အသုံးပြုနေကြောင်း နဲ့ လိင်၊ ကျားမလိင်ကွဲပြားမှု နဲ့ ကလေးငယ်တွေ နဲ့ ဆိုင်တဲ့ ရာဇဝတ်မှုတွေဟာ သတင်းပို့တိုင်ကြားမှု နည်းပါးတဲ့အတွက် အထူးအားရုံစိုက် လေ့လာစုံစမ်းနေတယ်လို့လည်း မစ္စတာ နီကိုလပ် ကုမ်ဂျန်က ပြောသွားပါတယ်။
ဒီလူ့အခွင့်အရေးကောင်စီရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိနိုင်မယ်လို့ NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသွားပါတယ်။
NUG အစိုးရ အနေနဲ့လည်း လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ကောင်စီညီလာခံမှာ အထူးအစီရင်ခံစာ တင်သွင်းပြသွားဖို့ ရှိတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောသွားပါတယ် ခင်ဗျာ။