၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်း မွတ်ဆလင်များကို အကြီးအကျယ် ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး ကာလအတွင်း ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် စစ်ခုံရုံးတရုံးကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်တဦးနှင့် ဗိုလ်မှူးကြီးနှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါတရားရုံးသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝက်ဘ်ဆိုက်တွင် တပ်မတော်က ကြေညာချက်တရပ် ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ စွပ်စွဲရေးသားဖော်ပြခဲ့သော လုံခြုံရေးတပ်များအနေဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ခြင်း ကျူးလွန်ခဲ့သည်ဆိုသည့် အစီရင်ခံစာများအပေါ် အဆိုပါခုံရုံးက တုံ့ပြန်သွားမည်ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာ လုံခြုံရေးစခန်းများကို ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ သူပုန်များ ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့တပ်မတော်က စစ်ဆင်ခဲ့သည်။ ဒုက္ခသည် ၇၃၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ယမန်နှစ်တွင် ထုတ်ပြန်ရာ၌ “စစ်တပ်၏ လုပ်ဆောင်ချက်များသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်၍ အကွက်ချ လုပ်ဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားဗိုလ်ချုပ်ကြီး ၅ ဦးတို့အပေါ် နိုင်ငံတကာဥပဒေအရ အကြီးလေးဆုံး ပြစ်ဒဏ်ချမှတ်ရန် ထောက်ခံကြောင်း” ဖော်ပြထားခဲ့သည်။
ယင်းသို့ စွပ်စွဲချက်များအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး International Criminal Court (ICC) သို့ တင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ သို့သော် မြန်မာနိုင်ငံက ကုလသမဂ္ဂ အချက်အလက် ရှာဖွေသူများနှင့် မပူးပေါင်းခဲ့သည့်အတွက် တရားရေးအရ သက်သေအထောက်အထား မပြည့်စုံသောကြောင့် ရှေ့မတိုးနောက်မဆုတ် အနေအထား ဖြစ်နေခဲ့သည်။
ထို့ကြောင့် အစ္စလာမ္မစ်ပူးပေါင်းရေးအဖွဲ့(OIC) က နိုင်ငံတကာ တရားရုံး International Court of Justice (ICJ)တွင် တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ICJ သည် ICC နှင့် မတူဘဲ ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေး အစိတ်အပိုင်းဖြစ်သည်။ ၎င်းတရားရုံးသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအကြား အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့် ရှိသော ကုလသမဂ္ဂ အစိတ်အပိုင်းများနှင့် အထူးအေဂျင်စီအဖွဲ့များအတွက် ထင်မြင်ချက်များနှင့် အကြံဉာဏ်များ ပေးရသည်။
၂၀၁၇ ခုနှစ်က ယခင် တပ်မတော် စုံစမ်းစစ်ဆေးချက်များတွင် လုံခြုံရေးတပ်များအနေဖြင့် မည်သည့်ရာဇဝတ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ဆိုထားခဲ့သည်။ သို့သော် ဥရောပ သမဂ္ဂနှင့် ကနေဒါနိုင်ငံတို့မှ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လာခဲ့အပြီး အခင်းဖြစ်ပွားစဉ်က အနောက်ပိုင်းတိုင်းမှူး တာဝန်ယူခဲ့သော ဗိုလ်ချုပ် မောင်မောင်စိုးနှင့် အခြားအရာရှိများအား တပ်မတော်မှ ထုတ်ပယ်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မဟုတ်ဘဲ လုံခြုံရေး ပေါ့လျော့မှု အကြောင်းပြချက်များဖြင့် ဖြစ်သည်။
ယခု တပ်မတော်မှ ဖွဲ့စည်းသော စစ်ခုံရုံးသည် အစိုးရက ဖွဲ့စည်းထားသော ဖိလစ်ပိုင်သံတမန် ရိုဇာရီယိုမာနာလိုနှင့် ကုလသမဂ္ဂဆိုင်ရာဂျပန်သံအမတ်ဟောင်း ကန်ဇိုအိုရှီးမားတို့ ပါဝင်ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်က ပဏာမစုံစမ်းလေ့လာချက်တခုကို ထုတ်ပြန်ရတော့မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အဆိုပါ စစ်ခုံရုံးဖွဲ့စည်းရာတွင် စစ်ဥပဒေချုပ်ရုံး၏လေ့လာသုံးသပ် အကြံပြုတင်ပြချက်များနှင့် လူ့အခွင့်အရေးအစီရင်ခံစာများတွင် ပါဝင်သည့် စွပ်စွဲချက်များအပေါ် အခြေခံထားကြောင်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။