မတ်လ ၁၇ ရက် ၂၀၁၉ ခုနှစ်
တအာင်းအမျိုးသမီး အဖွဲ့အစည်း

မတ်လ ၁၇ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ဖမ်းခံရသည့် နမ္မတူမြို့နယ် မန်လီရွာသားများ၏ မိသားစုဝင်များနှင့်အတူ ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အသီးသီးရှိ တအာင်းလူထုများမှ ရွာသား (၁၂) ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နံနက် ၉ နာရီမှ ၁၂ နာရီထိ ဆန္ဒ ထုတ်ဖော်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ် မန်လီရွာသား (၁၂) ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ မတ်လ (၁) ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ မည်သည့်နေရာသို့ ထိန်းသိမ်းထားသည်ကို မသိရသဖြင့် တအာင်းပြည်သူလူထုနှင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြသည်။

ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ – ဖမ်းဆီးခံရသည့် ရွာသားများ အမြန်ဆုံး ပြန်လွတ်ပေးရန်နှင့် နောက်နောင် လူ့အခွင့်အရေးချိုးဖောက်မှု ထပ်မံ မဖြစ်ပွားအောင် ရည်ရွယ်ခြင်း ဖြစ်ပြီး ပူးပေါင်းဆန္ဒပြသည့် ဦးရေမှာ (၁၀ဝ၀) ကျော်ရှိသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

မန်လီရွာသား (၁၂) ဦး ပျောက်ဆုံးခြင်းနှင့် ပတ်သက်၍ မိသားစုဝင်များမှ ဆုတောင်းပွဲ ပြုလုပ်ခြင်း၊ တအာင်းအရပ်ဖက် အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက် (၂) ကြိမ်ထုတ်ပြန်ပြီး ပြန်လွှတ်ပေးရန်တောင်းဆိုသောလည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဖမ်းဆီးထားခြင်း မရှိကြောင်း မီဒီယာတွင် ငြင်းဆိုထားသည်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းမှ သက်ဆိုင်ရာ ရှမ်းအဖွဲ့အစည်းနှင့် အစိုးရဌာနထံ စာပို့ထားသော်လည်း ဖမ်းဆီးသွားသည့် အဖွဲ့အစည်းမှ ယနေ့တိုင် အဘယ်ကြောင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မန်လီရွာသား (၁၂) ဦး ပြန်လည်လွတ်မြောက်လာနိုင်သည်အထိ တအာင်းအရပ်ဖက်အဖွဲ့အစည်းများမှ တက်နိုင်သမျှ ရှေ့ဆက်ပြီး လုပ်ဆောင်ချက်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီမှ ပြောသည်။

ဆက်သွယ်ရန်
ဝ၉-၂၅၆၁၂၈၅၈၂၊ ဝ၉-၂၆၄၁၆၂၂၂၉