သတင်းထုတ်ပြန်ချက်

နေ့စွဲ။ ။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်

အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည် ကုစားပေးရန်အတွက် တင်ပြထားသည့် အစီရင်ခံစာသစ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်လိုက်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ အသစ်ထုတ်ဝေလိုက်သည့် “အသိအမှတ်ပြုရန်နှင့် ပြုပြင်ရန် – အလွတ်သဘောအမှန်တရားပေါ်ပေါက်ရေး စီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ ခံစားရမှုများအား အသိအမှတ်ပြု ရန်နှင့် ၄င်းတို့၏ လိုအပ်ချက်များကို ပြန်လည်ကုစားပေး ရေး မူဝါဒများမှတဆင့် ထုတ်ဖော်၊ ဖြည့်ဆည်းပေး ရန် အဓိကထား တင်ပြထားသည်။

ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း အစိုးရတပ်များက ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေသည့် အကျဉ်းရုံး သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် လယ်ယာမြေသိမ်းပိုက်ခြင်း ကိစ္စများကို အဓိကထား တင်ပြထားသည်။ အဆိုပါ ချိုးဖောက်မှု သုံးခုနှင့်ပတ်သက်ပြီး တိ ကျသည့် ဆွေးနွေးမှုများ စတင်ဆောင်ရွက် ရန်နှင့် နစ်နာခဲ့သူများအတွက် အစိုးရအနေဖြင့် ပြန်လည်ကုစားမှုအစီအစဉ်များ မည်သို့တာဝန်ယူ ဆောင်ရွက် သင့်သည်၊ အတိတ်ကာ လ နှင့် လက်ရှိကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိအမှတ်ပြုဝန်ခံရန်နှင့် နစ်နာခဲ့သူများအား တောင်းပန်ရန် လိုအပ်နေမှုကိုလည်း အလေးပေး ဖော်ပြထားသည်။

မြန်မာနိုင်ငံ အစိုးရသည်၊ ၂၀၁၁ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်းသော အရပ်သားအစိုးရအဖြစ် အသွင်ကူးပြောင်း ခဲ့ပြီ ဆိုသော်လည်း၊ ယခင်စစ်အစိုးရခေါင်းဆောင်များကသာ နေရာရယူထားဆဲ ရှိပါသည်။ ယခုအစီရင်ခံ စာပါ ဖြစ်ရပ်လေ့လာမှု များတွင် ဖော်ပြထားသည့်အတိုင်း အရပ်သားပြည်သူများအပေါ် ကျူးလွန်ချိုးဖောက် မှုများလည်း ဆက်လက် ဖြစ်ပေါ်နေဆဲ ရှိသည်။ အစိုးရသစ်၏ အာဏာ၊ သြဇာကြီးသည့်နေရာများကို ယူထားကြသူများသည် ယခင်စစ်အစိုးရဟောင်းမှ ခေါင်းဆောင်များ ဖြစ်ကြပြီး၊ ယခင်က ပြည်သူအပေါ် အပြင်းအထန် ဖိနှိပ်ခဲ့ကြသူများ ဖြစ်သည်။ လက်ရှိအစိုးရကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံး မသတ်သေးပါ။

စည်းရုံးလှု့ံဆော်ရေးအဖွဲ့တာဝန်ရှိသူ လိုည်းပိုးငယ်က မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့် ပတ်သက်ပြီး “စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသာ ဖြစ်ရိုးမှန်တယ်ဆိုရင်၊ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ တွေ့ရမယ်။ အကောင်အထည်ဖော်နေတယ်ဆိုတာကိုလည်း မျက်မြင်တွေ့ရပေါ့” ဟု ပြောသည်။။

ယခု အစီရင်ခံစာတွင် အဓိပ္ပါယ်ရှိသည့် အသွင်ကူးပြောင်းမှုဖြစ်စေရန် ပထမဦးဆုံး လုပ်ဆောင်ရမည့်အ ချက်မှာ၊ မြန်မာအစိုးရအနေဖြင့် အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုများကို လူသိရှင်ကြား အသိအမှတ် ပြုပြီး၊ နစ်နာခံစားခဲ့ကြရမှုများအပေါ် တာဝန်ယူ၍ ပြန်လည်ကုစား ပြင်ဆင်မှုများလုပ်ရမည် ဖြစ်သည်ဟု အကြံပြုထားသည်။ ။

ညှိနှိုင်းဆောင်ရွက်ရေးမှုးဖြစ်သူ ဦးဟန်ကြီး ကလည်း “အနာဂတ်မှာ ညီညွတ်တဲ့၊ လွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ဆိုရင် လက်ရှိမြန်မာအစိုးရအနေနဲ့ ဟိုးအတိတ်ကရော၊ လက်ရှိမှာလည်း ဆက်လက် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒီအစီရင်ခံစာမှာ နစ်နာ ခဲ့တဲ့သူတွေအတွက် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြန်လည်ကုစားပေးတာ၊ ပြန်လည် ပြင်ဆင်ပေးတာတွေပါ ဆွေးနွေးတင်ပြထားပါတယ်” ဟု ပြောသည်။

ယခုအစီရင်ခံစာသည် “အလွတ်သဘော အမှန်တရားဖော်ထုတ်ရေး စီမံချက်”၏ အစိတ်အပိုင်း တခုဖြစ်သည်။ “အလွတ်သဘော” ဟု အမည်တပ်ရခြင်းမှာ ယခု စီမံချက်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၏ အဖွဲ့ဝင်များကသာ တပိုင်တနိုင် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ အစိုးရကျောထောက်နောက်ခံ အကူအညီဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုလိုပါ သည်။ တနေ့တွင် အစိုးရအနေဖြင့် အတိတ်တွင် အမှန်တကယ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအား အမှန်တရားကော်မရှင်ကဲ့သို့ အဖွဲ့အစည်းမျိုးမှတဆင့် ၀န်ခံအသိအမှတ်ပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို တွေ့မြင်လာမည်ဟု ကွန်ရက်အနေဖြင့် မျှော်လင့်ပါသည်။ သို့သော်လည်း ကွန်ရက်အနေဖြင့် ထိုသို့ဖြစ်လာမည် ကို စောင့်ဆိုင်းမနေဘဲ ယခုလိုစတင်ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

အသွင်ပြောင်းလဲရေးကာလ တရားမျှတမှုဆိုသည်မှာ၊ အတိတ်ကာလမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ထိခိုက် သက်ရောက်မှုများကို ဖြေရှင်းပေးရန် ကြိုးပမ်းချက်တစ်ခုဖြစ်ပြီး၊ ပို၍ ငြိမ်းချမ်းသည့်၊ ဒီမိုကရေစီရှိ သည့်၊ လူအားလုံး ပါဝင်ဆောင်ရွက်နိုင်သည့် အနာဂတ်တစ်ခုကို ဖန်တီးပေးရန်ပင် ဖြစ်ပါသည်။ ယင်းကို အသွင်ကူးပြောင်းမှုကာလများတွင် တာဝန်ယူတာဝန်ခံမှုရှိပြီး၊ ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်များဖြင့် အကောင်အထည် ဖော်ရပါသည်။ နစ်နာရသူ ကာယကံရှင်များကို အတိတ်က ကြုံတွေ့ခံ စားခဲ့ရသည့် လူ့အခွင့်အရေချိုးဖောက်မှုများအတွက် ပြန်လည် ကုစားမှုပေးခြင်း၊ တည်ငြိမ်ပြီး ရေရှည်တည် တံ့သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖွံ့ဖြိုးရေးတို့ကို မြှင့်တင်သည့် လုပ်ငန်းများလည်း ပါဝင်သည်။
အစီရင်ခံစာအကြောင်း ပိုမိုသိရှိလိုပါက

မြန်မာနိုင်ငံတွင်-
လိုည်းပိုးငယ်၊ စည်းရုံးလှု့ံဆော်ရေးအရာရှိ
ဖုန်း-+၉၅ (၀) ၉ ၇၃၀ ၆၃၀၁၇

ထိုင်းနိုင်ငံတွင်
ဟန်ကြီး၊ ညှိနှိုင်းဆောင်ရွက်ရေးမှုး
ဖုန်း + ၆၆ (၀)၈၁၉၆၁၅၉၉၂ သို့ဆက်သွယ်နိုင်သည်