၃၁ မေလ ၂၀၁၂

၂၀၁၀ ခုနှစ်နိုဝင်ဘာလ ရွေးကောက်ပွဲမှစ၍ မြန်မာနိုင်ငံအတွင်း ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက် ပြုကျင့်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာသစ် တစောင် ထုတ်ပြန်လိုက်ခြင်း

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၀ ခုနှစ်နိုဝင်ဘာလ ရွေးကောက်ပွဲမှစ၍ မြန်မာအစိုးရ ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက်ပြုကျင့်မှု များကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ သစ်တစောင်အား ဘန်ကောက်တွင် ယနေ့ ထုတ်ပြန်လိုက်သည်။

“နိုင်ငံတကာမိသားစုက အစိုးရရဲ့လက်တလော အပြောင်းအလဲတွေအပေါ် ချီးကျူး ပြောဆိုနေကြပါတယ်။ မြန်မာပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို အစိုးရက ဆက်ချိုးဖောက်နေတာကို ဝိုင်းဂုဏ်ပြုတဲ့ပုံပေါက်နေ ပါ တယ်။” ဟု ရခိုင်ကျောင်းသားလူငယ်များအစည်းအရုံး အတွင်းရေးမှူးနှင့် ND-Burma စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ခေါင်းဆောင် ကိုထွန်းဇော်က ထောက်ပြခဲ့သည်။ “စစ်မှန်တဲ့ဒီမိုကရေစီကိုဦးတည်တဲ့ လက်တွေ့ တိုးတက်မှု တွေရှိဖို့ဆိုရင် ညှဉ်းပန်းနှိပ်စက်ခြင်းချိုးဖောက်မှုကို ကာကွယ်ဟန့်တားတဲ့ ဥပဒေ မရှိတာတွေ၊ လွတ်လပ်တဲ့ တရားရေးစနစ်မရှိတာတွေအပြင် လက်တလော ဥပဒေအရကင်းလွတ်ခွင့်ရှိနေတာတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။” ဟုလည်း သူက ဖြည့်စွက် ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ရေးသားပြုစုသော “တရားလွန်ပြု ကျင့်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများနှင့် အနိုင်အထက် ပြုကျင့်မှုများ” အမည်ရသော အစီရင်ခံစာတွင် ၂၀၁၁ ခုနှစ်အတွင်း တိုင်းပြည်တနံတလျားတွင် ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ၃၇၁ ခုကို မှတ်တမ်းတင်ခဲ့သည်။ အဆိုပါချိုးဖောက်မှုများအနက် အကျဉ်းထောင်များ၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက် ပြုကျင့်မှု လူ့အခွင်အရေး ချိုးဖောက်မှု ၈၃ ခုကို မှတ်တမ်းတင်ထားသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၄၇၁ ဦး အကျဉ်းထောင်ထဲမှာ ရှိနေပါသေးတယ်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၄၆၅ ဦး နဲ့ပတ်သက်ပြီးတော့လည်း ဆက်လက်စုံစမ်း နေဆဲရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတဦး ရှိနေသေးတယ်ဆိုရင်တောင် ဒါက အများကြီးပါ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် လူတွေကို ဆက်လက် ထိန်းသိမ်းနေမယ်ဆိုရင်၊ ညှဉ်းပန်းနှိပ်စက်နေမယ်ဆိုရင်၊ ဆေးဝါးကုသမှုကို လက်မခံငြင်းပယ်နေမယ်ဆိုရင်တော့  ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီဆိုတာ ရှိလာအုံးမှာ မဟုတ်ပါဘူး။” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အဖွဲ့ဝင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမင်းမင်းကပြောဆိုခဲ့သည်။

“လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးတဦးအတွက် အဲဒီအိမ်မက်ဆိုးကနေ လွတ် မြောက်ဖို့ သူတို့အတွက် အရမ်းခက်ခဲပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာခံစားရပြီးတဲ့နောက် အလွန်ဆိုး ဝါးတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာကိုပါ အမျိုးသမီးတွေ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရ စစ်သား တွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ချိုးဖောက်မှုတွေကို ဥပဒေအရေ အရေးယူခြင်း မခံရပဲ ဗြောင်ကျကျ ကျူးလွန်နေတာကို အဲဒီအမျိုးသမီးတွေ ဆက်မြင်နေရလို့ဖြစ်ပါတယ်။ အဲဒီလို ချိုးဖောက်မှုတွေက တော့ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အဖြစ်များပါတယ်။ ဥပမာ ရှမ်းပြည်မြောက် ပိုင်းနဲ့ ကချင်ပြည်နယ် ဒေသတွေပါ။” ဟု ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) မှ ခွမ်းဆန်ပန်းက ပြောဆို ခဲ့သည်။

မြန်မာအစိုးရ၊ မြန်မာပြည်သူများ၊ နိုင်ငံတကာမိသားစု၊ အာရှဒေသတွင်းအစိုးရများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်စလုံးမှ ဥပဒေပြုလွှတ် တော်အမတ်များနှင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများနှင့်ပတ်သက်၍ အကြံပြုချက်များကို အစီရင်ခံစာအ သစ်တွင် ထည့်သွင်း ဖေါ်ပြထားသည်။

အစီရင်ခံစာအပြည်အစုံအား ဤနေရာတွင် ရယူနိုင်ပါသည်။ မှတ်တမ်းတင် ဗွီဒီယို အခွေကိုလည်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေထားသည်။ မှတ်တမ်းတင် ဗွီဒီယိုအခွေအား ဤနေရာတွင် ရယူနိုင်ပါသည်။

ပိုမိုသိရှိလိုပါက
ကိုထွန်းဇော်  +66816808934 (သို့မဟုတ်) twanzaw@gmail.com
မွန်းနေလီ  +66856251912 (သို့မဟုတ်) moonnayli@gmail.com