(မေ ၉ ၂၀၁၂) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သည် သမ္မတဦးသိန်းစိန် နှင့် သူ့အစိုးရ တာဝန်စယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၂ ခုနှစ် မတ်လ အစိုးရသက်တမ်းတနှစ်အတွင်း လူ့အခွင့်အရေးအခြေအနေများကို မီးမောင်းထိုးပြသည့် အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရ နှင့် အစိုးရထောက်ခံသူများက ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှု ၄၁၅ ခုကို မှတ်တမ်းတင်ထားသည်။ ချိုးဖောက်များအား အမျိုးအစားအရကြည့်ပါက ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ် ၈၅ ခု၊ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှု ဖြစ်ရပ် ၅၉ ခုနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ဖျက်ဆီးခံရခြင်း ဖြစ်ရပ် ၁၁၄ ခု ရှိသည်ဟု တွေ့ရသည်။

“အခုအစီရင်ခံစာမှာပါတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအရေအတွက်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက အစိုးရရဲ့ အပြောင်းအလဲတွေအပေါ် ဝိုင်းဝန်းချီးကျူးနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဘယ်လောက်ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ အစိုးရရဲ့ အားထုတ်ဆောင်ရွက်ချက် တွေကို ကျမတို့ ကြိုဆိုထောက်ခံပါတယ်။ ဒါပေမယ့် အားလုံးတပြေးညီ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ဖို့လိုပါတယ်။” ဟု ကွန်ရက်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဝင် မွန်းနေလီက ပြောဆိုသည်။

“ ဒီကာလမှာ မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုအတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်ဖို့ အတွက် အစိုးရရဲ့ဆောင်ရွက်ချက်ကို ကြည့်မယ်ဆိုရင် မဆိုသလောက်ပဲ ရှိပါတယ်။ အခုလိုတိုင်းပြည်ရဲ့ အရေးကြီးတဲ့အလှည့်အပြောင်းကာလမှာ အစိုးရအနေနဲ့ လုပ်သင့်တာက ဘာလဲဆိုရင် တရားဥပဒေစိုးမိုးမှု ပေါ်ထွန်းလာစေဖို့၊အနာဂါတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မဖြစ်စေဖို့အတွက် အတိတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းပေးသင့်ပါတယ်။” ဟု ကွန်ရက်၏ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ဝင်တဦး ဖြစ်သူ နိုင်ဦးမွန်က ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအား လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုအစီရင်ခံစာသည် မြန်မာတနိုင်ငံလုံးတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကိုယ်စားပြုထင်ဟပ်ခြင်း မရှိသည်ကို သတိချပ်စေလိုပါသည်။

ပိုမိုသိရှိလိုပါက နိုင်အွန်းမွန် (၆၆) ၆ ၁၆၇ ၉၇၄၁ မွန်းနေလီ (၆၆) ၈ ၅၆၂ ၅ ၁၉၁၂