မြန်မာစစ်အစိုးရရဲ့ စေခိုင်းမှုနဲ့ အစိုးရအတိုက်အခံတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားနေသူ ဦးထူးထူးဟန်က ဝန်ခံပြောကြားခဲ့ကြောင်း The Sydney Morning Herald သတင်းစာကြီးနဲ့ ABC သတင်းဌာနတို့က သတင်းဖေါ်ပြ ရေးသား ထားပါတယ်။

၁၉၈၈ ဒီမိုကရေစီလိုလားဆန္ဒပြမှုတွေအတွင်း စစ်ထောက်လှမ်းရေးအရာရှိတစ်ဦးအဖြစ် လူ ၁၀၀ ကျော်ကို သတ်ဖြတ်ရာမှာ သူကိုယ်တိုင် ပါဝင်ခဲ့တယ်လို့ သြစတြေးလျ နိုင်ငံ၊ ဘရစ္စဘိန်းမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေတဲ့ ဦးထူးထူးဟန်က ဘီဘီစီကို ပြောပါတယ်။

သူဟာ ၁၉၈၇ခု DSA မေမြို့စစ်တက္ကသိုလ်က ရွှေဓါးရ ကျောင်းဆင်းတဦးဖြစ်ပြီး စစ်ထောက်လှမ်းရေးတပ် အမှတ် ၆ မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှစ်လေးလုံး ဆန္ဒပြမှုတွေ ဖြစ်လာချိန် တာဝန်ပေးချက်အရ အခြေခံပညာ ကျောင်းသားခေါင်းဆောင်တဦးအဖြစ်ဟန်ဆောင် လှုပ်ရှားခဲ့ပြီး တချိန်ထည်းမှာဘဲ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။

ဒီလိုထောက်လှမ်းရေးတာဝန်တွေကို အကျဉ်းထောင်တွေထဲထိ လျှို့ဝှက်လုပ်ကိုင်ခဲ့ဘူးပြီး ၁၉၉၃ခုနှစ်မှာ ထိုင်းနိုင်ငံကို ရောက်လာပြီးနောက်ပိုင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စာနာလာတဲ့အတွက် ထောက်လှမ်းရေးတာဝန်တွေကို မယူတော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အခုချိန်မှာ သူကျူးလွန်ခဲ့တာတွေကို ထုတ်ဖော်ပြောဆိုတာက စစ်အစိုးရအပေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံးက အရေးယူနိုင်ဖို့ကိစ္စမှာ ကြံ့ကြာနေတဲ့အတွက် အခုလို ထုတ်ဖော် ပြောဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူနဲ့တထောင်တည်း ကျခံဘူးပြီး အခု ဘရစ္စဘိန်းမြို့ တမြို့တည်းနေ နီးစပ်သူတဦးကတော့ သူရဲ့ပြောဆိုချက်တွေကို မယုံကြည်ဘူးလို့ပြောပါတယ်။

စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်ကလည်း စစ်တပ်အနေနဲ့ အတိုက်အခံတွေကို သတ်ဖြတ်ဖို့ တဦးတယောက်ကို သီးခြားတိုက်ရိုက်တာဝန်ပေးတဲ့ အလေ့အထမျိုး မရှိဘူးလို့ ဆိုပါတယ်။

Sources by : BBC Burmese