မစောစော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် လူငယ် တစ်ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူ လူငယ်မှာ ကျောက်ဖြူမြိ့နယ် မင်းတပ်ချောင်းကျေးရွာမှ ဦးလှခင်၏သား မောင်ဝင်း (၂၁) နှစ်ဖြစ်သည်။
မောင်ဝင်းကို ယမန်နေ့ (ဒီဇင်္ဘာလ ၁၄ ရက်နေ့) နေ့လည်ပိုင်းက ရန်ကုန်-ကျောက်ဖြူ ကားလမ်း ပေါ်တွင် တည်ရှိသော မင်းချောင်း တံတားတွင် တာဝန်ကျနေသော စစ်တပ်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ သူတို့က စက်လှေ တစီးနဲ့ ဘုတ်စပ်မယ့် သစ်တွေကို တင်ပီး အလာမှာ စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းတယ်လို့ သိရပါတယ်။ စက်လှေက ကမ်းအကပ်မှာ ကြိုးကို ကမ်းပေါ် ပစ်တင်တော့ ကြိုးက စစ်ဗိုလ်ကို သွားထိတဲ့ အတွက် မကျေနပ်ရာကနေ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

မောင်ဝင်း အလောင်းကို မနေ့က ကျောက်ဖြူသို့ ယူဆောင်လာခဲ့ပြီး ဆေးစစ်ဆေးချက်များ ယူခဲ့သည်ဟု ကျောက်ဖြူ ရဲအရာရှိက ပြောသည်။

“ မောင်ဝင်း အလောင်းကို ဆေးစစ်ချက် ယူပြီး တဲ့နောက် သူမိဘတွေရှိတဲ့ မင်းတပ်ချောင်းကို ဒီကနေ့ ယူသွားခဲ့ပါတယ်။ ဘာကြောင့် စစ်တပ်က ပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူး။ အထက်က စစ်ဆေးနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဗမာ စစ်တပ်မှ ရခိုင်လူထု အပေါ် မကြာခဏ နိုင်ထက် စီးနှင်းမူများ ပြုလုပ်နပြေီး ဒီဇင်္ဘာလ ၂ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ ဦးစိန်လှကျော်ကို လေဘေး ကယ်ဆယ်ရေး ဆောင်ရွက်ရန် ရောက်နေသော ခမရ ၅၃၈ မှ ဒုဗိုလ် ကျော်ကျော်အောင်မှ မတရားသဖြင့် အပြင်း အထန် ရိုက်နှက် ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်ကလည်း မြန်မာ့ ပဏာမ လက်ရွေးစင် ဘော်လုံး ဂိုးသမားဟောင်း ဦးစံကျော်နှင့် မင်းပြားမြို့မှ ရဟန်းတော် ပညာသာမိ (နပင်း ဘုန်းကြီး) တို့ကို စစ်တွေ နေအိမ်မှ ခေါ်ယူ သွားပြီး တစုံတရာ ရုံးတင် စစ်ဆေးမူ မရှိဘဲ စစ်တပ်က အဆုံးစီရင် သတ်ဖြတ်ပစ်ခဲ့သည်။

ဂိုးသမား စံကျော်သေဆုံးပြီးနောက် သူ၏ မိသားစု တခုလုံးမှာ ဘဝပျက်သွားခဲ့ကြောင်း သိရသည်။

===========================
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖော်ပြပေးစေလိုပါသည်။)