ရှေ့လာမဲ့နှစ်လဟာ မြန်မာ့နိုင်ငံရေး အနာဂတ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဘယ်လိုနေရာယူလာမလဲဆိုတဲ့ အဆုံးအဖြတ်ပေါ်ထွက်လာနိုင်တဲ့အတွက် ဒီနှစ်လဟာ အလွန်အရေးကြီးတယ်လို့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။

မကြာမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခြင်းမရှိတဲ့အတွက် ကျေနပ်စရာ မကောင်းဘူးလို့ ဝေဖန်သွားပြီး နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေးကိုလည်း မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေးမှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ မကြာမီက မြန်မာနိုင်ငံက ပြန်ရောက်လာတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ်Mr Nambia ကလည်း သူ့ခရီးစဉ် အကြောင်း ရှင်းပြပါတယ်။

နိုင်ငံရေး အသွင်ကူးပြောင်းရေး အစီအစဉ်တွေကို ယုံကြည်လက်ခံနိုင်အောင်လုပ်ပြမှသာ ရှေ့သွားမဲ့ခရီးစဉ်တွေအောင်မြင်မှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကတော့ နိုင်ငံတကာ စံချိန်နဲ့ကြည့်ရင် အလွန် နိမ့်ကျနေကြောင်းလည်း အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဒေါက်တာသောင်းထွန်းက ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆောင်ရွက်ရာမှာ အရင်နဲ့ စာရင်သွက် လက်လာပေမဲ့ ဆွေးနွေးချက်တွေလက်တွေ့ အကောင်အထည်ဖေါ်ဘို့လိုတယ်လို့ ဘီဘီစီကို ပြောသွားပါတယ်။