သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။
“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ပွဲချင်းပြီးသေတာ။ ကောင်မလေးကိုဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီးရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့သွား တိုင်တယ်” – ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏အိမ်ပေါ် ညအချိန်အတင်းတိုးဝင်၍ သမီး (အမည်မဖော်လို) ဖြစ်သူအား အဓမ္မပြုကျင့် ရန် ကြံစည်စဉ် ဖခင်ကဝင်တားရာ ဖခင်အားဦးစွာပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီးချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

“အခု အဲ့ဒီ့ကလေးမ ရွာမှာရှိတဲ့ သူ့အဒေါ်အိမ်မှာဘဲရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ တပ်ဘက်သတင်း အရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့ သူ့ကို သတ်ပစ်လိုက်ပြီ လို့လဲ ဆိုပြီး နအဖတပ်ကအရပ်ထဲ သတင်း လွှင့်ထားတယ်” – အမည်မဖော်လိုသည့် လင်းခေးဈေးသည်တဦးက ပြောပါသည်။

နိုဝင်ဘာ ၂၂ ရက် တွင်(ယခင်လင်းခေးဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူးချုပ်တင်ရွှေကသတင်းမပေါက် ကြား ရန် နစ်နာကြေး နှင့် အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂ ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူရွာသားများ လင်းခေး ဈေးဆင်းဝယ်မှုကိုလည်း ပိတ်ပင်တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက ပြောပြသည်။

မိန်းခလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန်တဦးနှင့် ဆက်သွယ်မေးမြန်းရာတစုံတရာမှတ်ချက် ပေးပိုင်ခွင့်မရှိဟုဆိုကာ ဖုန်းချသွားခဲ့ပါသည်။

အဆိုပါကလေးမ၏ မိဘနှစ်ပါးရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း မိဘအတွက်ရက်လည်ဆွမ်းသွတ်ရန် ဆေးရုံမှဆင်းကာ ဆွေမျိုးများထံသွားရောက် ခိုလှုံနေကြောင်း နီးစပ်သည့်အသိုင်းဝိုင်းက ပြောပြပါသည်။

အခုဖြစ်စဉ်သည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်းကျင့်မှုဖြစ်သည်။