အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ အစိုးရိမ်ရဆုံး ၈ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

စစ်အစိုးရဟာ ဘာသာရေး လှုပ်ရှားမှုတွေကို ကန့်သတ် ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဆိုင်ရာ Michael Posner က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားဆဲ ဖြစ်သလို အခြား လူနည်းစု ဘာသာဝင်တွေကိုလည်း ခွဲခြားဖိနှိပ်ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂေနွနေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် အထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဘာသာရေးအဖိနှိပ်ဆုံး နိုင်ငံစာရင်းထဲမှာ မြန်မာ၊ တရုတ်၊ အီရန်၊ မြောက်ကိုးရီးယား၊ ဆော်ဒီအာရေဗျ၊ ဆူဒန် စတဲ့ နိုင်ငံတွေဟာ အဆိုးဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ အဲဒီ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။