မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်အစိုးရက ပြည်တွင်းဥပဒေ၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး ဥပဒေမဲ့ ဖမ်းဆီး ထောင်ချခံထားရသူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ အမြန်ဆုံး လွတ်မြောက်ရေးဟာ အထူးအရေးကြီးပါတယ်လို့ မစ္စတာ ကင်တားနား RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ လာမဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံကို နောက်ထပ်တကြိမ် သွားရောက်နိုင်ဖို့ စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

သူဟာ အခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မြန်မာနိုင်ငံကို တကြိမ် သွားရောက်ခဲ့ပါသေးတယ်။ လာမဲ့ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံကို သွားခွင့်ရမယ်ဆိုရင် ဦးစားပေး အစီအစဉ်အဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

တချိန်တည်းမှာလည်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လာမဲ့ နိုဝင်ဘာ ၁၈ ရက် ကြာသပတေးနေ့မှာ ဆွေးနွေးဖို့ ရှိပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကိုလည်း ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။