(VOA) စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အပြင်းထန်ဆုံး ချိုးဖောက်တဲ့ နိုင်ငံတခုအဖြစ် ဆက်လက် တည်ရှိနေဆဲ၊ ဘာသာရေး နှိပ်ကွပ်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေဆဲ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က ပြောကြားလိုက်ပါတယ်။ ၂၀၀၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၀ မတ်လ ၃၁ ရက်နေ့အထိ အကျုံးဝင်တဲ့ ၂၀၁၀ ပြည့် နှစ်ချုပ်အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာ ပြုစုရာမှာ အဓိက တာဝန်ယူခဲ့တဲ့ USCIRF ရဲ့ အရှေ့အာရှဆိုင်ရာ မူဝါဒရေးရာ ညွှန်ကြားရေးမှူး စကော့ ဖိလစ်ဆီ (Scott Felipse) ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ထားပါတယ်။ ဒီအစီရင်ခံစာမှာ မြန်မာပြည် Burma ဆိုတာကို ထိပ်ဆုံးမှာ ဖော်ပြထားတာဟာ အခြေအနေ အဆိုးဝါးဆုံးနိုင်ငံ ဖြစ်နေလို့ မဟုတ်ဘဲ အက္ခရာစဉ်အရ ထိပ်ဆုံးမှာ ဖော်ပြထားတာလို့ သူက ဆိုပါတယ်။ ဒါ့အပြင် ကျန်နိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံရဲ့ အခြေအနေ ဘယ်လိုရှိနေသလဲ ဆိုတော့ သူက အခုလို စပြီး ဖြကြေားပါတယ်။
“မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အခြေအနေ အဆိုးဝါးဆုံး နိုင်ငံတခုအဖြစ် ဆက်ရှိနေဆဲဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်ကို တားဆီး ပိတ်ပင်ရာမှာလည်း အပြင်းထန်ဆုံး ဖြစ်နေပါတယ်။”
ဒါဟာ မြန်မာ့ လူ့အဖွဲ့အစည်းမှာကို အခြေခံနေတဲ့ ချိုးဖောက်မှုတွေလား၊ ဒါမှမဟုတ် အစိုးရ မူဝါဒအရ ချိုးဖောက်တာလား၊ အထူးသဖြင့် ရွှေဝါရောင်အပြီးမှာ ဖြစ်လာတဲ့ အခြေအနေများလားခင်ဗျ။
“ရွှေဝါရောင် တော်လှန်ရေးမှာတော့ အစိုးရရဲ့ ဘာသာရေး နှိပ်ကွပ်မှုတွေက အပေါ်လွင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာသာရေး ဖိနှိပ်မှု ပြဿနာ အများစုကတော့ ၂၀၀၇ ခုနှစ် မတိုင်ခင် ဟိုးအေဝးကြီး ကတည်းက ရှိနေခဲ့တာပါ။ မွတ်ဆလင် ဘာသာဝင်တွေ အပေါ်မှာရော ခရစ်ယာန် ဘာသာဝင်တွေ အပေါ်မှာပါ နှိပ်ကွပ်လာခဲ့တာပါ။ အလားတူပဲ သူတို့နဲ့ အယူအဆ မတူတဲ့ ဗုဒ္ဓဘာသာဝင်တွေ အပေါ်မှာလည်း နှိပ်ကွပ်ခဲ့တာပါ။”
ရွှေဝါရောင် တော်လှန်ရေး တုန်းကတော့ စစ်အစိုးရကို နိုင်ငံရေးအရ စိန်ခေါ်မှု ရှိခဲ့တယ်လို့ ဆိုပါတော့ခင်ဗျာ။ ဒါပေမဲ့ ကျန်တဲ့အချိန်တွေမှာ ကျတော့ရော ဘာသာရေး အဖွဲ့အစည်းတွေ၊ ဘာသာရေး အသိုင်းအဝိုင်းတွေဟာ နိုင်ငံရေးအရ သူတို့အာဏာ တည်မြဲရေးကို စိန်ခေါ်တာလည်း မရှိဘဲနဲ့ ဘာကြောင့် နှိပ်ကွပ်ရတယ်လို့ ယူဆပါသလဲ ခင်ဗျ။
“ကျနော့်အထင်ကတော့ ဗိုလ်ချုပ်တွေရဲ့ အနေအထားက အားပျော့နေပါတယ်။ ဒါကြောင့်လည်း ဘာသာရေး လွတ်လပ်ခွင့်နဲ့အတူ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကိုပါ ချုပ်ချယ်ထားတာပါ။ ဒီလို အခြေအနေမျိုးမှာ ရွှေဝါရောင် တော်လှန်ရေးကြ သံဃာတော်တွေက လူထုကို ဦးဆောင်လာကြတော့ သူတို့ ပိုပြီးတော့ စိုးရိမ်လာကြပါတယ်။ သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုကို လူထုက တခဲနက် ထောက်ခံခဲ့ကြတာပါ။”
လွတ်လပ်စွာ ဘာသာကိုးကွယ်ခွင့်ကို ကျင့်သုံးလို့ အဖမ်းအဆီး ခံနေရတဲ့ လူတွေကို လွှတ်ပေးဖို့ ဆိုတာလည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တကယ်ပဲ ယုံကြည်ကိုးကွယ်မှု သက်သက်ကြောင့် ဖမ်းဆီးခံနေရသူ ဆိုတာရော မြန်မာပြည်မှာ ရှိနေပါသလား။
“သံဃာတော် တော်တော်များများဟာ ဆန္ဒပြလို့၊ ဒါမှမဟုတ် အစိုးရကိုေဝဖန်လို့ ထောင်ဒဏ် ကျခံနေရတာတွေ ရှိပါတယ်။ မျှတတဲ့ တရားစီရင်မှု မရှိဘဲ ခုခံကာကွယ်ပိုင်ခွင့် မရှိဘဲ ကျခံနေရတာပါ။ ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ခံကြရပါတယ်။ ပြီးတော့ ရွှေဝါရောင် တော်လှန်ရေး ဆိုတာကလည်း ဓာတ်ဆီဈေးနဲ့ ကုန်ဈေးနှုန်း ကိစ္စချည်း မဟုတ်ဘဲ ဘာသာရေး လွတ်လပ်ခွင့် တောင်းဆိုတဲ့ပွဲလို့လည်း ကျနော်တို့ တွေ့မြင်ရပါတယ်။”
ဒီလိုဆိုရင် စစ
်အစိုးရရဲ့ ဘာသာရေး ဖိနှိပ်မှုတွေဟာ ကြောက်စိတ်၊ တနည်းအားဖြင့် စိုးရိမ်စိတ် လွန်ကဲပြီး လုပ်နေတယ်ဆိုတဲ့ သဘောမျိုး ဆိုပါတော့ခင်ဗျာ။ ဆိုတော့ စိုးရိမ်စိတ်ကြောင့် ဖြစ်နေတဲ့ ကိစ္စကို ကုစားတဲ့နေရာမှာ ဖိအားပေး ခြောက်လှန့်တဲ့နည်းထက် အားပေး ကုသရေးနည်းက ပိုပြီးတော့ မသင့်လျော်ပေဘူးလား ခင်ဗျ။ အခု ခင်ဗျားတို့ အစီရင်ခံစာထဲမှာ ပိုပြီး ဖိအားပေး အရေးယူဖို့သာ တောင်းဆိုထားတာ တွေ့ရပါတယ်။
“ကုလသမဂ္ဂရော အမေရိကန် ပြည်ထောင်စုကပါ ဒဏ်ခတ် အရေးယူပြီးတော့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ လုပ်အောင် ဖိအားပေးဖို့ ဆုံးဖြတ်ထားကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာမျိုးပါ။ ကျနော်တို့ကလည်း ဒီအတိုင်းပဲ လိုက်ပါ တောင်းဆိုနေပါတယ်။ ဒီတောင်းဆိုချက်တွေဟာ ဒဏ်ခတ် အရေးယူဖို့ သက်သက် မဟုတ်ဘဲ ထိတွေ့ဆက်ဆံရေးနဲ့ ဖိအားပေးမှု နှစ်ချက်စလုံး ပါဝင်တယ်လို့ ထင်ပါတယ်။ ဒါဟာ အသင့်လျော်ဆုံး မူဝါဒပါ။”
အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က အရှေ့အာရှဆိုင်ရာ မူဝါဒရေးရာ ညွှန်ကြားရေးမှူး စကော့ ဖိလစ်ဆီကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
USCIRF ရဲ့ ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဘာတွေလုပ်သင့်တယ် ဆိုတဲ့ ထောက်ခံ တင်ပြချက်တွေလည်း ထည့်သွင်းထားပါတယ်။ အဲဒီထဲမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ကျန် မဟာမိတ် နိုင်ငံတွေနဲ့ပါ ညှိနှိုင်းဖို့၊ ဘာသာရေး လွတ်လပ်ခွင့်အပေါ် အလွဲသုံးစား လုပ်သူတွေကို ချက်ချင်း ရပ်ဆိုင်းသွားအောင် ဖိအားပေးဖို့၊ ကုလသမဂ္ဂရဲ့ သံတမန်ရေး အားထုတ်မှုတွေကို ပံ့ပိုးပေးဖို့၊ မြန်မာ အရပ်သား အဖွဲ့အစည်းတွေရဲ့ စုပေါင်းဆောင်ရွက်မှု၊ အားထုတ်မှုတွေကို ပိုပြီးတော့ အားဖြည့်တင်းပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။