(RFA) စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာအုပ်စု မှန်စောက်ကျေးရွာက အသက် ၁၅ နှစ်အရွယ် မောင်အောင်စိုးမင်းကို မော်လိုက်မြို့အခြေစိုက် ခမရ (၃၆၄) က အရာရှိနဲ့ စစ်သားတွေက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်တပ်ထဲ အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ခမရ (၃၆၄) တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိသူ အရာရှိနဲ့ တပည့်တွေက မောင်အောင်စိုးမင်းရဲ့ ဖခင်ဖြစ်သူကို သစ်ထုတ်လုပ်ရေးဦးစီးဌာနပိုင် ဆင်တကောင်ကို သတ်တယ်လို့ စွပ်စွဲခြိမ်းခြောက်ကာ သားဖြစ်သူကို စစ်တပ်ထဲဝင်ရမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့တာလို့ ဖခင်ဖြစ်သူ ဦးသိန်းအောင်က ပြောပြပါတယ်။

“ဗိုလ်မှူးသက်ဦး၊ တပ်ကြပ်ကြီးဝင်းတင်၊ ဒုတပ်ကြပ် စံတင်၊ သူတို့ ၇ ယောက် အဖွဲ့ပါ။ ကျနော့်ကို ကြိုးနဲ့တုပ်ပြီးတော့မှ ခေါ်ပါတယ်။ လည်ပင်းတွေရော။ ကျနော့်ကို လက်ပြန်ကြိုးနဲ့ နှစ်ဖက်စလုံး တုပ်ပါတယ်။ မင့်သားကို စစ်ထဲထည့်လိုက်မှ မင်းကြိုးတုပ်တာကို ဖြေပေးထားတော့မယ်လို့ ပြောပါတယ်။ ဒီဆင် မင်းသတ်တာ၊ မင်းကို ထောင်အနှစ် သုံးဆယ် လေးဆယ်ချမှာ၊ အဲဒီကလေး စစ်ထဲ ထည့်လိုက်ရင်တော့ အဲဒီဟာကို လွတ်ပေးမယ်လို့ ကျနော့်ကို အဲလိုပြောတာပါ”

တကယ်တော့ သစ်ထုတ်လုပ်ရေးဦးစီးဌာနပိုင် ဆင်သေဆုံးသွားတာဟာ အသက်ကြီးလို့ သူ့အလိုလို သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ဒီဆင်သေဆုံးခဲ့တာဟာ ၂၀၀၉ ခုနှစ် လေးလပိုင်းက ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆင်သေကို စစ်ဆေးပြီး မြမြှေုပ်သဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း၊ ဦးသိန်းအောင် ပိုင်တဲ့ လယ်ကွင်းနားမှာ သေဆုံးခဲ့တာကို အဲဒီ ဗိုလ်မှူးနဲ့ စစ်သားတွေက အတင်းအကြပ် စွပ်စွဲခဲ့တာ ဖြစ်ကြောင်း ဦးသိန်းအောင်က ဆက်ပြောပါတယ်။

သားဖြစ်သူ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်အိုရုံးကို တိုင်ကြားနိုင်ဖို့ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ဆီကို အကူအညီ တောင်းခံနေတယ်လို့လည်း ဦးသိန်းအောင်က ပြောပါတယ်။

လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်ကလည်း အရွယ်မရောက်သေးတဲ့ မောင်အောင်စိုးမင်းကို စစ်တပ်ထဲ မတရား သွင်းခဲ့တဲ့ မော်လိုက်မြို့အခြေစိုက် ခမရ (၃၆၄) က စစ်သားတွေကို တာဝန်ရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ အပြစ်ပေး အရေးယူဖို့ အခုလို ပြောပါတယ်။

“တပ်မတော်သားတယောက် လုပ်ခဲ့တဲ့ဆောင်ရွက်ချက်ကြောင့် မိသားစု ဘဝပျက်ရတယ်ဆိုတာ တပ်မတော်လည်း သိက္ခါကျပါတယ်။ နိုင်ငံတော် အကြီးအကဲတွေက ဒီကလေး မတရား ဓားပြတိုက်ပြီး ပြန်ပေးဆွဲသလို ဆွဲသွားတဲ့ ဗိုလ်မှူးသက်ဦးနဲ့ အပေါင်းအပါ တပ်ကြပ်ကြီးတွေ ငယ်သားတွေကို လူသိရှင်ကြား အပြစ်ပေးစေချင်ပါတယ်လို့ လူကြီးတွေကို ပြောချင်တယ်”

မြန်မာနိုင်ငံတွင်း ၂၀၁၀ နှစ်ဆန်းပိုင်းမှာ ကလေးစစ်သားအဖြစ် စုဆောင်းခြင်း ခံခဲ့ရတဲ့သူတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ရုံးခွဲ ရန်ကုန်အိုင်အယ်လ်အို တိုင်ကြားခဲ့လို့ ဧရာဝတီတိုင်း ဘိုကလေးမြို့က မောင်ဇော်မင်းပိုင်၊ ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်က မောင်အောင်မင်းသူ၊ ပဲခူးမြို့က မောင်ဝေဦးချို၊ မကွေးတိုင်း တောင်တွင်းကြီးမြို့က မောင်ကျော်မင်းထွန်း၊ ပဲခူးမြို့က ၉ တန်းကျောင်းသား မောင်တင်မျိုးတင်နဲ့ သပိတ်ကျင်းမြို့နယ် ကိုးပင်ရွာက မောင်ဝင်းနောင်တို့ မိဘရင်ခွင်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။