(RFA) မြန်မာပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စနစ်တကျ ကျူးလွန်နေတဲ့လုပ်ရပ် ဖြစ်သလို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်ဆိုတာကို အာဆီယံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အသိအမှတ်ပြု လက်ခံစဉ်းစားပြီး မြန်မာအာဏာပိုင်တွေကို အရေးယူ ဆောင်ရွက်ဖို့ T.F.A.B လို့ခေါ်တဲ့ အာဆီယံနဲ့ မြန်မာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့က ဒီကနေ့ ဂျာကာတာမြို့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အာဆီယံ လူ့အခွင့်အရေးကော်မရှင် ညီလာခံကို မတ်လ ၂၉ ရက်ကနေ ဧပြီလ ၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အာဆီယံနဲ့ မြန်မာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်ဥမ္မာက သူတို့အနေနဲ့ အာဆီယံ လူ့အခွင့်အရေးကော်မရှင် ညီလာခံမတိုင်ခင် ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အာဆီယံ လူ့အခွင့်အရေးကော်မရှင် ညီလာခံကို မြန်မာပြည်ဆိုင်ရာ အချက်အလက်တွေ တင်သွင်း သွားမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်ခင်ဥမ္မာ။“အဓိကကတော့ မနက်ဖြန်ခါက စပြီး အာစီယံလူ့အခွင့်ရေး ကော်မရှင်ရဲ့ ကိုယ်စားလှယ် ၁၀ ယောက်က ပထမဆုံး သူတို့ တရားဝင် အစည်းအဝေး စလုပ်မယ်။ အဲဒီ အစည်းအဝေးမှာ ဒီ လူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လိုမျိုး လုပ်ဆောင်သွားမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျှဉ်းစည်းကမ်းတွေကို နက်ဖြန် ဆွေးနွေးကြမယ်။ အဲဒါအတွက်ကို ကျမတို့ လူထုအခြပြေု အရပ်သားအဖွဲ့တွေဘက်ကနပြေီး ဒီနေ့ ဂျာကာတာမှာ လာပြီး ကျမတို့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ နက်ဖြန်မနက်ကျရင် သူတို့ အစည်းအဝေး စတဲ့အချိန်မှာ သူတို့နဲ့ တရားဝင် တွေ့ဆုံခွင့်ရဖို့လည်း ခွင့်တောင်းထားတယ်”

မြန်မာပြည်တွင်းက လူ့အခွင့်အရေး ချိုးဖေက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ဆိုတာ အထောက်အထားတွေ သူတို့ဆီမှာ အပြည့်အစုံ ရှိနေတယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

ဂျာကာတာမြို့မှာ အခုကျင်းပမယ့် အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပထမဦးဆုံး ညီလာခံဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီညီလာခံကို အစိုးရပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေအပြင် လူထုအခြေပြု လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

အာဆီယံ လူ့အခွင့်အရေးကော်မရှင်ညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်ဥမ္မာကို RFA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။