(RFA) မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကမႝာ့အင်အားကြီး စက်မှုထိပ်သီး ၈ နိုင်ငံ G8 ရဲ့ ဇွန်လ ထိပ်သီးညီလာခံမှာ တရားဝင် ထည့်သွင်း ဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီးဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က G8 နိုင်ငံခြားရေးဝန်ကြီးတွေထံကို မတ်လ ၂၅ ရက် မနေ့က အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇွန်လမှာ ကျင်းပမဲ့ ညီလာခံမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ကမ္ဘာ့ စက်မှုထိပ်သီး ၈ နိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ ဖိအားပေး ဆောင်ရွက်သင့်တယ်လို့ မနေ့က ပေးစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ထောက်ပြထားတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထု တရပ်လုံးအပေါ် ကျူးလွန်တဲ့ ပြစ်မှုမြောက် မမြောက် စုံစမ်းသင့်တယ်ဆိုတဲ့ အချက်ကို အင်အားကြီး ၈ နိုင်ငံအနေနဲ့ ထောက်ခံ အားပေးသင့်တယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံက စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အပြစ်ပေး အရေးယူခြင်း မရှိပဲ နှစ်ပေါင်းများစွာ ကျူးလွန်နေတာ ကြာခဲ့ပြီ ဖြစ်ကြောင်း၊ စက်မှု အင်အားကြီး ၈ နိုင်ငံအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ တွေ့ရှိမှုတွေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံသင့်ပါတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှူး မစ္စ အီလိန်း ပီယာဆန်က ပြောပါတယ်။

စက်မှုထိပ်သီး ၈ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဆီဟာ ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ် ဂါတီနီ (Gatineau) မြို့မှာ မတ်လ ၂၉ ရက်နေ့ ၃၀ ရက်နေ့အထိ လာမဲ့ ညီလာခံမှာ တရားဝင် ထည့်သွင်း ဆွေးနွေးဖို့အတွက် နိုင်ငံတကာ လြုံခုံရေးကို ထိပါးနေတဲ့ ကိစ္စရပ်တွေကို အပြီးသတ် ညှိနှိုင်းကြဖို့ ရှိပါတယ်။

ဂျီအိတ်လို့ လူသိများတဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံအုပ်စုမှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါတယ်။