(မဇ္ဈိမ) စစ်အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အုပ်စုက ထုတ်ဖော်လိုက်သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလဌာနချုပ်၌ ကျင်းပသော “မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ” အုပ်စု၏ ယမန်နေ့ အစည်းအဝေးအပြီး သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

တရုတ်၊ ပြင်သစ်၊ ရုရှ၊ ဗြိတိန်၊ အမေရိကန် စသည့် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နော်ဝေ၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့က စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မပါဝင်လျှင် တရားမျှတသည့် ရွေးကောက်ပွဲဟု နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရမည်မဟုတ်ကြောင်းနှင့် စစ်အစိုးရသည် ဒီမိုကရေစီရေးအတွက် တိုးတက်မှု တစုံတရာ ဆောင်ရွက်ခြင်း မရှိသဖြင့် “စိတ်ပျက်” ကြောင်း ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အစည်းအဝေးအပြီး သတိပေး တိုက်တွန်းလိုက်သည်။

ယခုလ ၈ ရက်နေ့မှ စတင်ထွက်ပေါ်လာသည့် ရွေးကောက်ပွဲဥပဒေများအရ ဒီမိုကရေစီ ယုံကြည်ချက်ကြောင့် ထောင်ဒဏ်ကျခံနေရသူများ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ပိုင်ခွင့်ကို ပိတ်ပင်ရာရောက်ကြောင်း ဗြိတိန်၊ ကနေဒါ၊ အမေရိကန်နိုင်ငံများကလည်း ထောက်ပြဝေဖန်နေကြသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့အနဖြေင့် တစုံတရာ ထောက်ပြဝေဖန်ခြင်း မရှိသော်လည်း အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကမူ ရွေးကောက်ပွဲဥပဒေသည် မျှတမှုမရှိကြောင်း ပြောဆိုကြသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ် ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံသို့ မကြာမီ ရှေ့ဆင့်နောက်ဆင့် သွားကြမည်ဖြစ်ပြီး ရွေးကောက်ပွဲဥပဒေ ကိစ္စများလည်း ဆွေးနွေးဖွယ်ရှိ သည်ဟု သုံးသပ်နေကြသည်။

မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်းအဝေးမတိုင်မီ ယခုလ ၂၄ ရက်နေ့တွင် မြန်မာ့အရေးကို လုံခြုံရေး ကောင်စီက တံခါးပိတ် ဆွေးနွေးခဲ့ကြပြီး မြန်မာ့အရေးတွင် ဗီဒိုအာဏာဖြင့် ပိတ်ဆို့လေ့ရှိသည့် တရုတ်နိုင်ငံနှင့် ဗြိတိန်တို့အကြား ထိပ်တိုက်တွေ့ခဲ့ကြသေးသည်။

ရွေးကောက်ပွဲ ကျင်းပခြင်းသည် လွတ်လပ်သည့် နိုင်ငံတခု၏ ပြည်တွင်းရေးဖြစ်ကြောင်း ကုလဆိုင်ရာ တရုတ်သံအမတ်ကြီး Li Baodong က ပြောဆိုသည်ကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mark Lyall Grant က “နိုင်ငံတကာ ငြိမ်းချမ်းလုံခြုံရေး” ကို ထိခိုက်နိုင်မည့် မတည်ငြိမ်မှုများ ပေါ်ပေါက်လာနိုင်သည်ဟု တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင်လ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးသံတမန် သောမတ်စ် အိုဂျေ ကွင်တားနား Tomás Ojea Quintana ကလည်း ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် စစ်အစိုးရအား တိုက်တွန်းထားသည်။

ထို့ပြင် စစ်အစိုးရက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့၍ စုံစမ်းစစ်ဆေးသွားရန်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အကြံပြုတိုက်တွန်းခဲ့သည်။

အဓိကအတိုက်အခံပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းဥပဒေများသည် တရားမျှတမှုမရှိသဖြင့် ဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန်သွားရမည်ဟု ထုတ်ဖော်ခဲ့သည်။

သို့သော် NLD ပါတီအတွင်း၌ ပါတီမှတ်ပုံပြန်တင်ရေး-မတင်ရေးမှာမူ သဘောထားကွဲလွဲမှုများ ရှိနပြေီး အဖြူအမည်း ဆုံးဖြတ်နိုင်ရန် လာမည့် ၂၉ ရက်နေ့တွင် ဆွေးနွေးနိုင်ရန် တိုင်းနှင့်ပြည်နယ်မှ ဗဟိုဦးစီးကော်မတီ CC များကို ရန်ကုန်ဌာနချုပ်သို့ ခေါ်ယူထားသည
်။

စစ်အစိုးရက ၂ဝဝ၈ အခြေခံဥပဒေအရ လက်နက်ကိုင်တပ် တခုတည်းသာ ထားရှိရေးမူအရ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ၍ လုပ်ပိုင်ခွင့်နှင့် အင်အားလျှော့ပစ်ရန် ကြိုတင်လုံးပမ်းနေခဲ့သော်လည်း အဖွဲ့ကြီးများဖြစ်သည့် ကချင် (KIO)၊ ဝ’ အဖွဲ့ UWSA နှင့် မွန်ပြည်သစ်ပါတီတို့က ယခုတိုင် နေပြည်တော်အလိုကျ မလုပ်ဘဲ ငြင်းဆန်ထားသည်။

သို့သော် လာမည့်ရွေးကောက်ပွဲအား ရတောင့်ရခဲ အခွင့်အလမ်းတခုအဖြစ် ယူဆ၍ ပါတီထောင်ကာ ရွေးကောက်ပွဲဝင်မည့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများလည်း ရှိနေသည်။ တချို့ပါတီများမှာ နိုင်ငံရေးပါတီအဖြစ်ပင် မှတ်ပုံတင်ပြီးကြပြီဖြစ်သည်။