(RFA) ကမ္ဘာလှည့်ခရီးသွား ဧည့်ကြိုတဦးနဲ့ အင်္ဂလိပ်စာ ကျူရှင်ဆရာတဦးတို့ကို မတ်လ ၂၄ ရက် ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

မန္တလေးမြို့က ကမ္ဘာလှည့်ခရီးသွား ဧည့်ကြို မသန္တာထွန်းနဲ့ ကျူရှင်ဆရာ ကိုမောင်ညိုတို့ကို သံဃာ့တပ်ပေါင်းစု အဖွဲ့ဝင် ဆရာတော်တွေနဲ့ ဆက်သွယ်မှု အပါအဝင် တရားမဝင် အဖွဲ့အစည်းတွေကို ဆက်သွယ်အားပေးမှုနဲ့ ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သူတို့နဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

“ကျွန်တော်တို့က ကြားတာပေါ့နော်၊ အဲဒီ ၃ ရက်နေ့ ၈ လ ၂၀၀၉ မှာတော့ ဖမ်းသွားတယ်လို့ ကျွန်တော်တို့က တိတိကျကျ သိတာပဲ သိတာကတော့။ ဒါပေမဲ့၊ ဘယ်အချိန်ဖမ်းတယ်၊ ဘယ်ဝါ ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ပုဒ်မကတော့ ၁၃ ၁ နဲ့ ပုဒ်မ ၇၊ ၁၃ ၁ က ၃ နှစ်၊ ပုဒ်မ ၇ က ၂ နှစ်၊ အားလုံးပေါင်း ၅ နှစ်ပေါ့နော်။ အနောက်ပိုင်းခရိုင် တရားရုံးမှာ အင်းစိန်ထောင်တွင်း တရားရုံးမှာ အနောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ချတာ။”

သူတို့ကို ဖမ်းဆီးပြီးတဲ့နောက် သံဃာတော် ၄ ပါး နဲ့ လူပုဂ္ဂိလ် ၄ ဦး တို့ကိုလည်း ဒီအမှုတွဲနဲ့ပဲ အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ အမိန့်ချတဲ့အခါ လူခွဲပြီး တသုတ်စီ ချမှတ်တာ ဖြစ်တယ်လို့ ဒီအမှုကို လို်က်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

“သံဃာ့တပ်ပေါင်းစုနဲ့ အဆက်အသွယ်လုပ်တယ်၊ Generation Wave နဲ့ အဆက်အသွယ် လုပ်ပြီးတော့ နိုင်ငံတော် ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်တယ်ဆိုပြီးတော့ သူတို့ကို စွပ်စွဲထားတာပေါ့။ ဒီနေ့ အမိန့်ချတယ်ပေါ့လေ။ ချတဲ့အခါကျတော့ အသင်းအဖွဲ့ ပုဒ်မ ၇ က တယောက်ကို ၂ နှစ်စီ ချလိုက်တယ်။ ဟို လဝက ၁၃ (၁) က ၃ နှစ်ချတယ်။ အားလုံး စုစုပေါင်း သူတို့က ထောင်ဒဏ် ၅ နှစ် ကျသွားတယ်။ ”

ဒီအမှုအတွက် အယူခံဆက်တင်သွားမှာ ဖြစ်တယ်လို့ ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။