(RFA) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီဘီရဲ့ ၁၀နှစ်မြောက် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ မတ်လ ၂၃ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ အေအေပီပီက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခန်းကဏ္ဍလို့ အမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီဘီရဲ့ ၁၀နှစ်မြောက်အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလိုပြောပါတယ်။

“ဆယ်နှစ်တာကာလမှာ ကျနော်တို့လှုပ်ရှားခဲ့တဲ့ အခြေအနေမျိုးတွေကို တင်ပြချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီဘက်ကို ရောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ကြားထဲမှာ ပြန်လည်တွေ့ဆုံတဲ့ အမှတ်တရပွဲလေး ကျနော်တို့ လုပ်ချင်တယ်။ နောက်တခါ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကဏ္ဍက ဘယ်လောက် အရေးပါသလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အစီရင်ခံစာ တစောင်ကို ရေးထားပါတယ်။ ဒီအစီရင်ခံစာကို ကျနော်တို့ ဒီနေ့စပြီးတော့ ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီအခမ်းအနားလေးကို ပြုလုပ် ကျင်းပရတာ ဖြစ်ပါတယ်။”

အေအေပီပီရဲ့ ၁၀ နှစ်မြောက် အခမ်းအနားမှာ ထုတ်ဝေဖြန့်ချီတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခန်းကဏ္ဍလို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အတားအဆီးတခု ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်စေဖို့အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တခု လိုအပ်ပြီး အဲဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးဆုံး အဆင့်ဟာ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် တရားဝင် အသိအမှတ်ပြုကာ ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ် အစီရင်ခံစာက ဆိုပါတယ်။

စစ်အစိုးရကပြုလုပ်မဲ့၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရှိတဲ့ အခြေအနေနဲ့ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးနဲ့ ဖြစ်နေတဲ့ အခြေအနေအောက်မှာ အစီရင်ခံစာ ထုတ်ပြန်ရတာနဲ့ပတ်သက်လို့ အေအေပီပီ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလိုပြောပါတယ်။

“ရွေးကောက်ပွဲဝင်မယ် ပါတီထောင်မယ် မထောင်ဘူးဆိုတဲ့ စဉ်စားချက်မျိုးတွေ မြန်မာနိုင်ငံထဲမှာလည်း ဒါ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ ကျနော်တို့ရဲ့ စိုးရိမ်ချက်က ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပယ်ဖျက်ပြီးတော့ မေ့ပျောက်ပြီးတော့ နိုင်ငံရေးပါတီတွေ ထောင်ကြမှာကိုလည်း အထူးစိုးရိမ်ပါတယ်။ ဒီအတွက်လည်း ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ မပါပဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်ဘူး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးခွန်ထွန်းဦးတို့ မင်းကိုနိုင်တို့ကို ချန်လှပ်ထားပြီးတော နိုင်ငံရေးဖြစ်စဉ်တွေကို သွားလို့မရဘူး ဒါကို ကျနော်တို့ မီးမောင်းထိုးပြချင်တယ်၊ ဒါကြောင့်မို့လည်း ဒီအစီရင်ခံစာကို ထုတ်ရခြင်းဖြစ်ပါတယ်။”

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခန်းကဏ္ဍ အစီရင်ခံစာကို ဒီကနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ် ဖြန့်ချိခဲ့တာ ဖြစ်ပြီး စာမျက်နှာ ၆၅ မျက်နှာ ရှိပါတယ်။ ရက်ပိုင်းအတွင်းမှာ မြန်မာလိုပါ ရိုက်နှိပ်ဖြန့်ချ
ိသွားမှာ ဖြစ်တယ်လို့ အေအေပီပီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပါ ဖတ်ရှုနိုင်ဖို့ ဘာသာ ၇ မျိုးနဲ့ အစီရင်ခံစာအနှစ်ချုပ်ကို အေအေပီပီရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာတော့ ရေးသား တင်ပြထားတယ်လို့ သိရပါတယ်။

အဲဒီအစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားတွေကို တရားဝင် အသိအမှတ်ပြုပြီး စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦးနဲ့ အခြား တိုင်းရင်းသားအုပ်စုတွေကို ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကျယ်ပြန့်ထိရောက်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ အပါအဝင် တိုက်တွန်းချက် ၅ ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရကို တရားဝင် ဖိအားပေးဖို့ တောင်းဆိုထားပါတယ်။

အေအေပီပီရဲ့ ၁၀ နှစ်မြောက် အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ထောင်ကျ အကျဉ်းသားဝတ်စုံ ကြည်ပြာရောင်နဲ့ သံခြေကျင်းတွေကို ဝတ်ဆင်ထားပြီး ထောင်အာဏာပိုင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကို ဦးချိုးခံခဲ့ရတဲ့ ဖြစ်ရပ်တွေကို သရုပ်ပြခဲ့ပါတယ်။ အခမ်အနားကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံတကာက စိတ်ဝင်စားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ အပါအဝင် ဧည့်ပရိသတ် ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။