ယင်း အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေ ထားပြီး အနှစ်ချုပ်နှင့် အကြံပြုချက် များကို ရှမ်း၊ ကရင် တိုင်းရင်းသား ဘာသာ စကားများ အပြင် အာဆီယံ ၇ နိုင်ငံ၏ ဘာသာ စကားများဖြင့် ထပ်မံ ထုတ်ဝေ သွားမည်ဟု AAPP တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
AAPP သည် နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းထောင် များ၏ အခြေအနေကို စောင့်ကြည့် လေ့လာပြီး ကုလသမဂ္ဂ၊ လူ့အခွင့် အရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများအား တင်ပြလျက် ရှိသည်။
“နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့် မရတဲ့ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် မသုံးသပ်တဲ့ ရွေးကောက်ပွဲ၊ တွေ့ဆုံဆွေးနွေးပွဲ မပါဘဲ ဖြစ်လာမယ့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ဒါမှမဟုတ် ရွေးကောက်ပွဲရဲ့ ရလဒ်ကို အတည်မပြုဖို့ နိုင်ငံတကာ အစိုးရတွေကို ကျနော်တို့ တိုက်တွန်း လှုံ့ဆော်သွားမယ်” ဟု ဦးဘိုကြည်က ဆက်ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တင်ပြထားသော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေသည့် ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းရန် အကြံပြုထားကြောင်း၊ ယင်း အကြံပြုချက်များကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းထားကြောင်း သူက ဆိုသည်။
AAPP သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နှစ်စဉ် တင်ပြပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအစိုးကို ဖိအားပေးရန် တိုက်တွန်း လျှက်ရှိသည်။
“ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဘဲနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်သလို၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ နိုင်ငံရေး အကျဉ်းသားတွေ မပါဘူးဆိုရင် ရှေ့ဆက်တိုးဖို့ အတော် ခက်ပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်” ဟု ကိုဘိုကြည်က ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသား ၂၁၈၅ ဦး ရှိနေကြောင်း AAPP စာရင်းအရ သိရသည်။
ထိုင်း -မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများက ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် AAPP ကို ဖွဲ့စည်းခဲ့သည်။