(RFA) အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ပြည်မြို့အကျဉ်းထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့ပြီး အင်းစိန်ထောင်ကတဆင့် ဒီကနေ့ မတ်လ ၁၈ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပါတယ်။

နောက်တခါ အလားတူ အမှုမျိုး ထပ်ပြီး ကျူးလွန်ရင် အခုချမှတ်ခဲ့တဲ့ အပြစ်ဒဏ်တွေ တပေါင်းတည်း ပြန်ခံရမယ်လို့ သူ့ကို သတိပေးတဲ့အကြောင်း ဒီကနေ့ မွန်းလွဲပိုင်းမှာ ၁ နာရီလောက် တွေ့ခွင့်ရတဲ့အချိန်မှာ ကိုညီညီအောင် က ပြောပြတယ်လို့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက RFA ကို ပြောပြပါတယ်။

“အန်တီတို့နဲ့ ၁၂ နာရီကနေ ၁ နာရီမှာ တွေ့ပါတယ်။ စကားပြောခွင့်ပေးတယ်။ ၁ နာရီမှာ သူ့ကို လွှတ်မိန့် ပေးလိုက်တယ်လေ။ သူတကယ်လို့ နောက်ထပ် ထပ်ဖြစ်ရင်တော့ နှစ်ပေါင်းမယ်။ အဲ့လိုပြောလိုက်ပါတယ်။ အမှန်တော့ အင်မီဂရေးရှင်းက တိုက်ရိုက်ပို့ချင်တာပေါ့လေ။ သံရုံးကလည်း ခွင့်တောင်းတော့ ၁၂ နာရီကို မိသားစုနဲ့ တွေ့ခွင့်ပေးတယ်။ အခု ၁ နာရီအတွင်းမှာ လက်မှတ်ထိုးတယ်။ လွှတ်တဲ့အကြောင်း လက်မှတ်ထိုးပြီးတော့ သူအခု လေယာဉ်ပျံကွင်း ဆင်းပြီ။ အကုန်လုံးလည်း လေယာဉ်ပျံကွင်း လိုက်ပို့ကြမယ်ပေါ့နော်။”

ပြန်လွှတ်ပေးချိန်မှာ ကိုညီညီအောင်ဟာ ခြေထောက် အနည်းငယ်နာနေတာက လွဲလို့ ကျန်းမာရေး ကောင်းမွန်လျက် ရှိပါတယ်။ အဒေါ် နောက်တယောက်ဖြစ်တဲ့ ဒေါ်စုစုကြည်ကတော့ သူ့တူဟာ အမေရိကန် နိုင်ငံသား ဖြစ်နေတဲ့အတွက် အခုလို မြန်မြန်ဆန်ဆန် လွှတ်ပေးလိုက်တဲ့ ယူဆကြောင်း ပြောပါတယ်။ ကိုညီညီအောင်ဟာ ဒီကနေ့ ညနေပိုင်းက မင်္ဂလာဒုံလေဆိပ်က တဆင့် ဗန်ကောက်မြို့ကို ရောက်လာပါတယ်။ ဗန်ကောက်လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် RFA ကို ခုလိုပြောပါတယ်။

“ကျွန်တော့အနေနဲ့ ပြောမယ်ဆိုလို့ ရှိလို့ရှိရင်တော့ ရှင်းရှင်းပြောရရင် ဖမ်းထားတာတော့ မတရားဘူးပေါ့။ တပိုင်းမှာကျတော့လည်း ဗမာပြည် ပြဿနာကြီးကို ကျွန်တော်တို့က ခြုံငုံပြီးတော့ တပြိုင်နက် ပြောရတာ အဲဒီမှာ တော်တော်လေးကို ခက်ပါတယ်။ ဆိုတော့၊ လွှတ်ပေးတာကို ကျေးဇူးတင်သင့်တယ်လို့ တဖက်မှာ ပြောကြလို့၊ တပိုင်းမှာလည်း အစောကြီးက ဖမ်းကတည်းက မတရားဘူးဆို ရှင်းနပြေီးသား ဆိုတဲ့အခါကျတော့ ကျွန်တော့အနေနဲ့ နားလည်တာကတော့ ရှင်းရှင်းပြောရရင် ဒါလွှတ်ပေးသင့်တဲ့ ကိစ္စမို့လို့ လွှတ်ပေးလိုက်တာပဲ။”

ကိုညီညီအောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့တုန်းက ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ချိန်မှာ မြန်မာအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပြီး စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု စတာတွေနဲ့ တရားစွဲပြီး ထောင်ဒဏ် အပြစ်ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လတုံးကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းထဲကို ရေကူးပြီး ဝင်ရောက်ခဲ့မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကိုလည်း ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

ဗန်ကောက်မြို့ကို ရောက်ရှိလာတဲ့ ကိုညီညိီအောင်ကို RFA မှ ဒေါ်ခင်ခင်အိက တွေ့ဆုံ မေးမြန်းထားပါတယ်။