(ခေတ်ပြိုင်) ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၅) ရပ်ကွက်အတွင်း နိုင်ငံတော်အထူးစီမံချက်ဟုဆိုကာ ကိုယ်ထူကိုယ်ထကတ္တရာလမ်းများ ခင်းလျက်ရှိရာ ကျပန်းလုပ်ကိုင်စားသောက်ကြသူ မိသားစုများ ငွေကြေးထည့်ဝင်ရန် အခက်အခဲတွေ့နကြေသည်။

“တပေကို (၈,ဝဝဝ) ကျပ်နှုန်းလို့ လမ်းလူကြီးတွေက ပြောတယ်။ ကျနော်တို့က ပေ (၂၀) အိမ်ဆိုတော့ (၁) သိန်း (၆) သောင်းကျပ် ထည့်ဝင်ရမယ်။ (၄) သုတ်ခွဲထည့်လို့ရတယ် ဆိုပေမယ့် ကျနော်တို့ဘက်က အရမ်းခက်ခဲနေပါတယ် ” ဟု ပန်းရန်၊ လက်သမားနှင့် နေ့စားအလုပ်သမား အများစုနေထိုင်သော မြသီရိ (၃) လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းက ဘားအံမြို့ နယ်စပ်စည်ပင်နှင့် ကြံ့ဖွံ့တို့ပူးပေါင်းကာ အမှတ် ( ၅ ) ရပ်ကွက်အတွင်းရှိ အဓိကလမ်းမကျယ်များနှင့် လမ်းသွယ်များကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထို့နောက် ဒေသခံများကို အုတ်များ ဝယ်ယူစေကာ လမ်းအကြမ်းအဆင့် ခင်းစေခဲ့သည်ဟု ရာဘာခြံ (၁) လမ်းတွင် နေထိုင်သူတို့က ပြောသည်။

မြသီရိ (၃) လမ်း နေထိုင်သူအခြားတဦးကလည်း လမ်းအကြမ်းခင်းရန် တအိမ်ထောင်စီမှ ငွေကောက်ခံပြီး အုတ်စက်တွင် အုတ်အကျိုးများဝယ်ခဲ့ကြောင်း၊ သို့သော် အုတ်အကျိုးလိုသလောက် မရသဖြင့် အုတ်ခဲအကောင်းများဝယ်ကာ ထုချေ ခင်းကြရကြောင်း ပြောသည်။

“အခု ကတ္တရာ အချောခင်းဖို့ (၁) ပေ (၈,ဝဝဝ) ကျပ်နှုန်းကို ကျနော်တို့မတတ်နိုင်ကြောင်း သွားပြောတော့ လမ်းလူကြီးတွေက နိုင်ငံတော်ရဲ့ အထူးစီမံချက်၊ မဖြစ်မနေ ပေးရမယ်လို့ ပြောတယ်” ဟု၎င်းက ဆိုသည်။

ဒေသခံတို့၏ အဆိုပါအခက်အခဲကို ဘားအံမြို့၊ စည်ပင်သာယာရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက “လမ်းဖြစ်မြောက်ရေးကော်မတီက ငွေကြေးကောက်ခံပြီးလို့ လာရောက်အကြောင်းကြားမှ ကျနော်တို့က ခင်းပေးတာပါ။ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ အင်ဂျင်နီယာတဦး၊ ဝန်ထမ်းများ၊ ကတ္တရာ၊ လမ်းကြိတ်စက်တွေ ထုတ်ပေးပါတယ်။ ကျောက်သားအပါအဝင် အခြားအထွေထွေစရိတ်ကို ပြည်သူတွေ ကျခံရပါတယ်။ ရပ်ကွက်အတွင်း ငွေကြေးကောက်ခံမှုများဟာ လမ်းဖြစ်မြောက်ရေးကော်မတီနဲ့သာ သက်ဆိုင်ပါတယ်” ဟု ဖြကြေားသွားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ကွက်ကြီး (၈) ခုရှိသည့်အနက် အမှတ် (၅) ရပ်ကွက်သည် အခြားရပ်ကွက်များထက် မြေသားနိမ့်ပြီး မိုးများသည့်အခါ (၁၀) ပေမျှအထိ ရေတက်လေ့ရှိသည်။

ဘားအံပြည်သူများမှာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ဘားအံမြို့မှ ကော့ကရိတ်၊ မြဝတီမြို့တို့ကိုဖြတ်ကာ တဖက် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင် စားသောက်ကြသူများသည်ဟု သိရသည်။