မတ်လ ၁၆ ရက် မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မတ်လ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ လူ့အခွင့်အရေး အစီရင်ခံချက်မှာ ဖော်ပြထားသလို စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ စဉ်းစားသင့်ကြောင်း အဆိုကို HRW က ကြိုဆိုကြောင်း၊ ဒါဟာ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားတွေ့ကြုံနေရတဲ့ ဓားစာခံပြည်သူတွေအတွက် အပြစ်ပေး တရားစီရင်နိုင်ဖို့ အသက်သွေးကြောတခုလို အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တဲ့အတွက် အချိန်မဆိုင်းသင့်ကြောင်း HRW က အမှုဆောင်ညွန်ကြားရေးမှူး Mr. Kenneth Roth က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဒီအဆိုကို သြစတြေလျ အစိုးရက ထောက်ခံခဲ့ပြီး အမေရိကန်အစိုးရကလည်း တရားမျှတမှုရှိရေး တောင်းဆိုချက်ဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးပြဿနာတွေ ဖြေရှင်းနိုင်ရေးအတွက် ပဓာနကျတယ် ဆိုတာကို ဖော်ပြတာဖြစ်ကြောင်း ထောက်ခံ ဆွေးနွေးခဲ့တယ်လို့လည်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။